သုတေသီတွေရှာဖွေဖော်ထုတ်လိုက်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ထောင်က ကလီယိုပတ်ထရာရဲ့ ရေမွှေး

2019-09-04 21:34:55


သုတေသီတွေရှာဖွေဖော်ထုတ်လိုက်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ထောင်က ကလီယိုပတ်ထရာရဲ့ ရေမွှေး

ကလီယိုပါထရာဆိုတာဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ဂုဏ်သတင်းကြီးမားတဲ့ ဘုရင်မတစ်ပါးဖြစ်ပြီး သူ့ရဲ့ ရက်ရက်စက်စက်လှတဲ့အလှတရားကြောင့်နာမည်ကျော်ခဲ့သလို သူ့အကြောင်းက ခေတ်အဆက်အဆက်မှာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်အနေနဲ့ ကြားခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။ သမိုင်းအထောက်အထားတွေနဲ့ သက်ကြီးစကားသက်ငယ်ကြားဆိုသလိုပြောဆိုချက်တွေအရ ကလီယိုပတ်ထရာဟာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်ကတည်းက အခုထိ ခေတ်အဆက်ဆက်လူတွေပုံဖော်ပြောဆိုလာကြသလို ရက်ရက်စက်စက်လှတဲ့ အလှတရားတစ်ခုတည်းကြောင့် နာမည်ကျော်လာပြီး အီဂျစ်တစ်ပြည်လုံးကို အုပ်စိုးနိုင်ခဲ့တာမဟုတ်ပါဘူး။ ပုံပြင်တွေ ဇာတ်လမ်းတွေ ပါးစပ်ရာဇဝင်တွေထဲမှာတော့ ကလီယိုပတ်ထရာဟာ သူမရဲ့ အလှတရားနဲ့ ညှို့ငင်နိုင်စွမ်းကိုအသုံးချပြီး ဘုရင်တွေ စစ်သေနာပတိတွေ စစ်ရေးစစ်ရာမှာ နန်းတွင်းမှာအရေးပါအရာရောက်တဲ့လူတွေကို ဖမ်းစားကာ ရာဇပလ္လင်ပေါ်အရောက်တက်ခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။




ဒါပေမယ့် တကယ်တမ်းမှာတော့ ကလီယိုပတ်ထရာဟာ အလှတရားတစ်ခုတည်းနဲ့ အရာအားလုံးကိုပိုင်ဆိုင်သွားတာတော့မဟုတ်ပါဘူး၊ ကလီယိုပတ်ထရာအကြောင်းရှေးခေတ်ပညာရှိတွေရဲ့မှတ်တမ်းမှတ်ရာတွေထဲမှာ ကလီယိုပတ်ထရာဟာ အင်မတန်ညဏ်ကောင်းပြီး အရည်အချင်းရှိတဲ့အမျိုးသမီးဖြစ်တယ်လို့ရေးသားထားကြတာတွေ့ရပါတယ်။ သူမက ဘာသာစကားတွေလည်း ဆယ့်နှစ်မျိုးလောက်ပြောနိုင်ပြီး လောကဓာတ်ပညာတွေကိုကျွမ်းကျင်ပိုင်နိုင်သလို ပါးရည်နပ်ရည်ရှိပြီး ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ဘယ်သူ့ကိုဘယ်လိုအသုံးချရမယ်ဆိုတာကို ကောင်းကောင်းကြီးသိတဲ့သူဖြစ်ပါတယ်တဲ့။ ဒါကြောင့် သူမရဲ့လက်နက်ဟာ လက်ရုံးရည်မဟုတ်ပဲ နှလုံးရည်လို့ခေါ်ရမယ့် ညဏ်ပညာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။


အလှဘုရင်မ ကလီယိုပတ်ထရာက ရုပ်ရည်ပိုင်းမှာ အရမ်းကြီးချောမောလှတယ်မဟုတ်ပေမယ့် ဝတ်စားဆင်ယင်မှုပိုင်းမှာ စတိုင်ဒီဇိုင်းကာလာအနေအထားတွေက ဘယ်သူမှမယှဉ်နိုင်ပဲ သူမရဲ့ လှပပြီးထူးခြားတဲ့ ဆံပင်ပုံစံ၊ လက်ဝတ်ရတနာတွေပုလဲကြိုးတွေဆင်မြန်းတဲ့ပုံစံကို အဲဒီခေတ်က လူကုံထံအမျိုးသမီးတိုင်းက လိုက်ပြီးအတုခိုးခဲ့ကြရတယ်လို့လည်း စာပေမှတ်တမ်းမှတ်ရာတွေမှာဖော်ပြထားပါတယ်။ အဲဒီလိုအမျိုးသမီးတော်တော်များများက ပုံစံတူတွေဖြစ်နေပေမယ့် ဘယ်လိုမှလိုက်မတုနိုင်တာတစ်ခုကတော့ ကလီယိုပတ်ထရာဆီကရတဲ့ အမွှေးနံ့သာနံ့ပါ။ ဘုရင်မဆီကရတဲ့မွှေးရနံ့ဟာ တိမ်းမူးဖွယ်ကောင်းလွန်းတာကြောင့် ဘယ်လိုယောက်ျားသားမျိုးကမှ တောင့်ခံနိုင်စွမ်းမရှိခဲ့ဘူးလို့သိရပါတယ်။ အဲဒီအနံ့ကို တစ်ကမ္ဘာလုံးက မိန်းမသားထုကြီးနဲ့ သမိုင်းသုတေသီတွေက စိတ်ဝင်တစား သုတေသနလုပ်ခဲ့ကြပြီး အခုတော့ ကလီယိုပတ်ထရာဘုရင်မအသုံးပြုခဲ့တဲ့ ရေမွှေးကို မြည်းစမ်းကြည့်နိုင်ဖို့အတွက် မျှော်လင့်ချက်ပေါ်လာခဲ့ပါပြီ။




Hawaii University က သုတေသနပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က အကြွင်းအကျန်တွေ ရှေးဟောင်းပစ္စည်းတွေကို နှစ်နဲ့ချီအောင်သုတေသနပြုနေခဲ့ပြီးနောက်မှာ လွန်ခဲ့တဲ့ BC. 4500 လောက်ကတည်ထောင်ခဲ့တဲ့ အီဂျစ်မြို့ဟောင်း Thmius မှာ Tell Timai excavation project လုပ်နေတဲ့ အချိန်မှာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်က အမွှေးနံ့သာတွေ ချက်လုပ်တဲ့ အဆောက်အအုံကြီးတွေရဲ့မြေနေရာတွေကိုတူးဖော်တွေ့ရှိပြီး အဲဒီထဲမှာ ရေမွှေးတွေပြုလုပ်တဲ့အခါ အသုံးပြုခဲ့တဲ့ရှေးဟောင်းပစ္စည်းအချို့ကိုလည်းတူးဖော်ရရှိခဲ့ကြောင်းသိရပါတယ်။ Amphorae လို့ခေါ်တဲ့ ရှေးခေတ်က ခရားတွေထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်တုန်းက ရေမွှေးချက်လုပ်ဖို့အသုံးပြုခဲ့တဲ့ ဓာတ်ပစ္စည်းအကြွင်းအကျန်တွေကို မြေကြီးတွေကြားမှာ ဓာတ်ခွဲကြည့်ပြီး တွေ့ရှိခဲ့ရကြောင်းလည်း history articles တွေမှာဖော်ပြထားပါတယ်။ နှစ်ကာလကြာရှည်လို့ ဓာတ်ပြိုကွဲနေပြီဖြစ်တဲ့ ဓာတုပစ္စည်းအကြွင်းအကျန်တွေကို ကမ္ဘာ့ထိပ်တန်း ဓာတုပညာရှင်တွေက ဓာတ်ခွဲခန်းတွေထဲမှာနာရီတွေချီပြီးကြာအောင် Chemical Analysis လုပ်ပြီး chemical bonds တွေပြန်လည်တည်ဆောက်ပြီးတဲ့နောက်မှာတော့ အဲဒီခေတ်က ကလီယိုပထ်ထရာအသုံးပြုခဲ့တယ်လို့ယူဆရတဲ့ Perfume Formula ကိုဖော်ထုတ်နိုင်ခဲ့ပါပြီ။




ဒီရေမွှေးဟာ အာဖရိကကျွန်းဆွယ်နဲ့ ပင်နီဆူးလားကျွန်းဆွယ်တွေမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးရဲ့ သစ်ခေါက်ကနေအခြေခံဖော်စပ်ထားတဲ့ Formula လို့ သိရပြီး ကလီယိုပတ်ထရာအမှန်တကယ်အသုံးပြုခဲ့တဲ့ရေမွှေးဟုတ်မဟုတ်ဆိုတာကတော့ အတည်ပြုချက်တွေပြုလုပ်ရဦးမယ်လို့သိရပါတယ်။ ဒီရေမွှေးကိုစီးပွားဖြစ်ထုတ်ရောင်းဖို့ကတော့ မဖြစ်နိုင်သေးပါဘူးတဲ့။ တကယ်လို့ ထုတ်ရောင်းခဲ့တယ်ဆိုရင်လည်း အင်မတန်ဈေးကြီးမှာသေချာပါတယ်။ ပရိသတ်ကြီးရော ကလီယိုပတ်ထရာဘုရင်မရဲ့ ရေမွှေးကိုသာ ဝယ်ယူမြည်းစမ်းခွင့်ရမယ်ဆိုရင် ဝယ်သုံးဖို့အစီအစဉ်ရှိလား။ ပြောခဲ့ပါဦး။


Unicode









