တီးတိန်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟု ထင်မှတ်ပြီး စစ်တပ်က မီးရှို့ ဖျက်ဆီး


တီးတိန်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟု ထင်မှတ်ပြီး စစ်တပ်က မီးရှို့ ဖျက်ဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟုထင်မှတ်ပြီး စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။



ဇန်နဝါရီလ ၁၃ ရက်နေ့ မီးရှို့ခံရသော နေအဆောက်အဦးများသည် နိုင်ငံတော်ပိုင်ကော်ဖီခြံ ဝန်ထမ်းများ၏ နေအိမ်များနှင့် ဂိုထောင် ၁ လုံးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။


“အဲဒီအိမ်တွေရဲ့ အနောက်ကပ်လျက်မှာ အစိုးရကော်ဖီခြံရှိပါတယ်။ အဲဒီနိုင်ငံပိုင်ကော်ဖီခြံက ဝန်ထမ်းနေအိမ်(၃)လုံးနဲ့ ဂိုဒေါင်တစ်လုံးကိုလည်း ရွာသားနေအိမ်မှတ်ပြီ မီးရှို့သွားပါတယ်။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


အဆိုပါဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ချင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခုလို မီးရှို့ဖျက်ဆီးခြင်းသည် မှားယွင်းမီးရှို့ခြင်းလော ရည်ရွယ်ချက်ရှိသည်လော ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားရာနှင့် အနီးတဝိုက်တွင် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများ နိုင်ငံအနှံ့တွင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။


ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးတင်ရှို့သွားသော နိုင်ငံတော်ပိုင်ကော်ဖီခြံမှ ဝန်ထမ်းနေအိမ် ၁ လုံး