၂၀၂၂ ခုနှစ် မန္တလေးမဟာသင်္ကြန်စာနှင့် နိုင်ငံရေးရာအဟော


၂၀၂၂ ခုနှစ် မန္တလေးမဟာသင်္ကြန်စာနှင့် နိုင်ငံရေးရာအဟော

ဇန်နဝါရီ၂၊ လာမည့်၂၀၂၂ခုနှစ်၊ ဧပြီလမှစတင်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံရလိမ့်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။


ယခု၂၀၂၂ခုနှစ်သည် ဂြိုလ်သဘောတရားများအရ အလွန်ထူးခြားသောနှစ်ဖြစ်ပြီး အပြောင်းအလဲကြီးကြီးမားမား ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်၏ ဂြိုလ်များရပ်တည်မှုသည် အလွန်ထူးခြားကြောင်းပြောဆိုသည်။


“၂၀၂၁ဒီဇင်ဘာလ ၅ရက်နေ့ကစပြီး စစ်ကောင်စီကိုဆန့်ကျင်တော်လှန်တဲ့ ပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ အထူးမြင့်မားလာပြီး၊ ဒီဇင်ဘာလအတွင်း တိုက်ပွဲများအရှိန်အဟုန်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလလဆန်းမှ လလယ်အထိဟာ စစ်ကောင်စီတပ်များ အကျအဆုံးများပြားမယ့် ကာလဖြစ်ပါတယ်။




၂၀၂၂ဇန်နဝါရီလ ဒုတိယပတ်မှာ စစ်ကောင်စီအနေနဲ့ သံတမန်ရေးရာလှည့်ဖြားမှုတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။ သို့သော်လည်း၂၀၂၂ဇန်နဝါရီလ လလယ်မှာပြည်သူလူထုကို အလွန်အားတက်စေမယ့် သတင်းစကားကောင်းများ စတင်ကြားသိရမှာဖြစ်ပါတယ်။


ပြည်ပအကူအညီအထောက်အပံများလည်း လက်ခံရရှိပါလိမ့်မယ်။ ဖေဖော်ဝါရီလနဲ့မတ်လဟာ သံတမန်ရေးရာတိုက်ပွဲများ၊ မြေပြင်စစ်ရေးတိုက်ပွဲများ ခဆက်တိုက်ရှိနေမှာဖြစ်ပါတယ်” ဟုနက္ခတ္တဗေဒကျွမ်းကျင်သူကဆိုသည်။


ပြည်သူများ၏အောင်ပွဲများသည် ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ ကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့်အရှိန်အဟုန်များဖြင့် ထင်သာမြင်သာအောင်ပွဲများ ရရှိလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည် ဖြစ်သည်ဟု၎င်းကဆိုသည်။


“၂၀၂၂ဖေဖော်ဝါရီလ ကုန်ပိုင်းကနေစပြီး လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ ထင်သာမြင်သာတဲ့ ပြည်သူ့အောင်ပွဲအချို့ စတင်ရရှိလာပါလိမ့်မယ်။ မတ်လ၊ဧပြီလများမှာ စစ်ရေးလှုပ်ရှားမှုတွေ ကြီးစိုးနေမှာဖြစ်ပါတယ်။ ၂၀၂၂ဧပြီလကုန်ပိုင်းမှစပြီး ပြည်သူလူထုနဲ့ ဒီမိုကရေစီအရေးအတွက် အလှည့်အပြောင်းတွေစရှိလာပြီး ပြည်သူများဘက်က မကြာမီအချိန်ကာလတစ်ခုမှာ အောင်ပွဲရရှိပါလိမ့်မယ်” ဟုနက္ခတ္တဗေဒ ကျွမ်းကျင်သူကပြောဆိုသည်။




ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်အတွက်ဟောထားသည့် မန္တလေးမဟာသင်္ကြန်စာအရ မင်းရာဇာနှင့်မိဖုရားအပေါင်း ဘေးဥပါဒ်အန္တရာယ်ရှိမည်ဟု ဟောကိန်းထုတ်ထားသည်ကိုတွေ့ရသည်။ ယင်းအပြင်ဧကရာဇ်မင်းရာဇာတို့က အလေးအမြတ်ထား ပူဇော်အားကိုးရသည့်ရဟန်းပညာရှိ မင်းပညာရှိသုခမိန်များ အချင်းချင်းပဋိပက္ခ အငြင်းအခုံဖြစ်ပေါ်မည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူတို့သည် ရေလမ်းကုန်းလမ်းဘေးဖြစ်နိုင်သည်။


တစ်နည်းဆိုသော် ခရီးသွားလာသူတို့သည် ကုန်းလမ်းဖြစ်စေရေလမ်းဖြစ်စေ အန္တရာယ်ကျရောက်နိုင်သည်ဟု သင်္ကြန်စာတွင်ဖော်ပြထားသည်။ ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဒဏ်သင့်ကြကုန်သည်ဖြစ်၍ အိမ်နီးချင်းတိုင်းနိုင်ငံများပါ ထိခိုက်ပျက်စီးရတတ်ကြောင်း ဟောကိန်းတွင်ဖော်ပြထားသည်။


ယင်းအပြင်ဆန်ရေးစပါး အခြေခံစားသောက်ကုန်များ ရှားပါးလာမည်ဟုဆိုထားသည်။ credit.