အမေရိကန်ကာကွယ်ရေးဥပဒေတွင်မြန်မာနိုင်ငံအတွက် ဝါရှင်တန်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ချက်


အမေရိကန်ကာကွယ်ရေးဥပဒေတွင်မြန်မာနိုင်ငံအတွက် ဝါရှင်တန်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ချက်

အမေရိကန်ကာကွယ်ရေးဥပဒေတွင်မြန်မာနိုင်ငံအတွက် ဝါရှင်တန်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ချက်


ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ၏ မူဝါဒကို အပြောင်းအလဲဖြစ်စေသည့် ၂၀၂၂ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို လက်မှတ်ရေးထိုးလိုက်သည်။


ကန်ဒေါ်လာ ၇၇၀ ဘီလီယံအထိ သုံးစွဲခွင့်ပြုထားသည့် NDAA ပုဒ်မ ၆၅၁၀ အရ “မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ပံ့ပိုးကူညီရန်” ဟု ရည်ညွှန်းထားသည်။ သို့သော် ယင်းဥပဒေသည် မြန်မာနိုင်ငံအပေါ်ထားရှိမည့် အမေရိကန်အစိုးရ၏ မူဝါဒသစ်ကို တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။


NDAA ဥပဒေတွင် မြန်မာ့အရေးအတွက် အမေရိကန်အစိုးရကို အချက်၇ ချက် လုပ်ဆောင်ရန် အတိ အလင်း တောင်းဆိုထားသည်။


ပထမအချက်မှာ “မြန်မာစစ်အစိုးရ၏ တရားဝင်မှုနှင့်အရင်းအမြစ်များအား တစ်ပြိုင်နက် အရေးယူပိတ်ဆို့ထားစဥ်မှာပင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ၊ မြန်မာနိုင်ငံရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်နေသည့်အဖွဲ့အစည်းများအား အသိအမှတ်ပြု အကူအညီပေးရေး” ဖြစ်သည်။


အင်မတန်အရေးပါသည့် အချက်ဖြစ်ပြီး ဥပဒေအရ အမေရိကန်အစိုးရက အင်န်ယူဂျီကို ကူညီပေးရတော့မည်ဖြစ်သည်။



NDAA သည် အမေရိကန်အစိုးရအား စစ်တပ်ကတရားဝင် အမည်ပေးထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(SAC)နှင့် သံတမန်ရေးအသိ အမှတ်ပြုမှုကို အဆုံးသတ်ရန် အတင်းအကျပ် ဖိအားပေးတောင်းဆိုခြင်းမရှိပေ။ အလားတူ နိုင်ငံခြားရေးဌာနသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကိုလည်း ပိတ်ပစ်ရန် မလိုအပ်ပေ။


ထိုနည်းလမ်းမှာ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသည့် အမေရိကန်အစိုးရ၏ သံတမန်နည်းလမ်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် အတိုက်အခံစင်ပြိုင် အစိုးရအတွက် ထောက်ခံမှုတိုးမြှင့်လိုက်သည့် သဘောပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အင်န်ယူဂျီနှင့် တရားဝင်ဆက်ဆံရေးတစ်ရပ်ထူထောင်ရန် ရှိ၊မရှိ ရှင်းရှင်းလင်းလင်းမရှိသည့်တိုင် အထူးကိုယ်စားလှယ်တစ်ယောက်ခန့် အပ်သင့်သည်။


NDAA က အမေရိကန်အစိုးရကို တောင်းဆိုထားသည့် ဒုတိယအချက်မှာ “မြန်မာစစ်အစိုးရအပေါ် အရေးယူမှုများ ချမှတ်ရန်” ဖြစ်သည်။ အဆုံးသတ်တွင် လက်ရှိဒဏ်ခတ်အရေးယူမှုများကို အကဲဖြတ်ရန်နှင့် “ထပ်တိုးဒဏ်ခတ်မှုများအတွက် အလားအလာရှိသည့် အကြောင်းအရာ (လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊စီးပွားရေးလုပ်ငန်းများကို ဆိုလိုခြင်းဖြစ်သည်) ဖော်ပြရန်” လိုအပ်ကြောင်း ဖော်ပြထားသည်။


အင်န်ယူဂျီနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက တောင်းဆိုနေသည့်အတိုင်း စစ်တပ်ကို သက်ဆိုးရှည်စေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုတွင် ထည့်သွင်းမည်ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေမည့် ဒဏ်ခတ်အရေးယူမှုအသစ်ကို ဆွေးနွေးလျှက်ရှိသည်။


(NDAAတွင်) အင်န်ယူဂျီ၊ ၎င်း၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သို့မဟုတ် တိုးပွားလာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)များအား လူသေစေနိုင်သည့် အကူအညီများ ထောက်ပံ့ပေးခြင်းနှင့် ပတ်သတ်ပြီး စိုးစဥ်းမျှမပါဝင်ပေ။


အမေရိကန်သည် “အရေးယူများ” ပြုလုပ်ရန် စီးပွားရေးကဏ္ဍကိုသာ ပစ်မှတ်ထားလုပ်ဆောင်နေဆဲဖြစ်သည်။ သို့ရာတွင် အမေရိကန်အစိုးရအနေဖြင့် လူမသေစေနိုင်သည့်အကူအညီများပေးရန် လုပ်ပေးနိုင်သည့် အရာများစွာရှိနေသေးသည်။


အမေရိကန်အစိုးရထံ NDAA ၏ တတိယမြောက်တောင်းဆိုချက်မှာ “ဒီမိုကရေစီပြန်လည်ရရှိရေး၊ မြန်မာနိုင်ငံတွင်းရှိ မတူကွဲပြားမှုကို ကိုယ်စားပြုပြီး အရပ် သားအုပ်ချုပ်မှုအောက်တွင် စစ်တပ်ပြန်လည်ဖွဲ့စည်းရေးနှင့်အတူ အားလုံးပါဝင်နိုင်သော အရပ်သားအစိုးရတစ်ရပ် ထူထောင်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်းနိုင်ရေး”ဖြစ်သည်။


ဤအချက်မှာ လက်ရှိကာလတွင် ဘိုင်ဒင်အစိုးရက အဆုံးသတ်အောင်ပွဲအဖြစ် ရှုမြင်ထားသည့်အရာများကို ရှင်းရှင်းလင်းလင်း တိကျစွာဖော်ပြထားခြင်းဖြစ်သည်။ အရေးကြီးသည်မှာ အဆိုပါအချက်များသည် စစ်ကောင်စီ ၏ လိုလားချက်များထက် အင်န်ယူဂျီက ဖော်ပြထားသည့်ရည်မှန်းချက်များနှင့် ထပ်တူကျသည့် အမေရိကန်အစိုးရ၏ မူဝါဒကို ဖြစ်ပေါ်စေသည်။


NDAA ၏ စတုတ္ထမြောက်တောင်းဆိုချက်မှာ “မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်” ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၁,၂၄၈ဦးရှိပြီး နောက်ထပ်လူ ၂,၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်နေရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၃၀ ကျော် အသက်သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရသည်။


ပဉ္စမအချက်မှာ အမေရိကန်ပြည်ထောင်စုသည် “မြန်မာနိုင်ငံရှိ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးအဖွဲ့အစည်းများကြားတွင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ပေးရန်” ဖြစ်သည်။ ယင်းမှာ မြန်မာ့အနာဂတ်အတွက် အင်မတန်အရေးပါသည့် အချက်ဖြစ်သည်။


တိုင်းရင်းသားလူနည်းစုများ အဓိကလိုလားချက်များကို အဖြေရှာပြီး အာဏာခွဲဝေမှုများ ပြုလုပ်ပြီးမှသာလျှင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကို အချိန်တော်တော်ကြာရှောင်ရှားခဲ့သည်။


အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တရုတ်နှင့် အင်မတန်နီးကပ်သည့်ဆက် ဆံရေးရှိခြင်း သို့မဟုတ် မူးယစ်ဆေးဝါးနှင့် အခြားသော တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သတ်နေခြင်းကြောင့် ဖြစ်သည်။


လက်တွေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင် ပါဝင်နိုင်သည်ဖြစ်ရာ အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့နှင့်ဆက်ဆံများထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်ရန် လိုအပ်သည်။ အမေရိကန်၏ လက်ရှိမူဝါဒသည် ကိုယ့်တာကိုယ်ကာထားသည့် အလုပ်မဖြစ်သည့် မူဝါဒဖြစ်သည်။ ပေါ်ပေါ်ထင်ထင်မဟုတ်သည့်တိုင် ထိတွေ့ဆက်ဆံခြင်းမှာ တရားမျှတကြောင်း NDAA ကရည်ညွှန်းပြဆိုသည်။


NDAA တွင်ဖော်ပြထားသည့် အမေရိကန်အစိုးရကို ဆဋ္ဌမမြောက်တောင်း ဆိုချက်မှာ “ရက်စက်ကြမ်းကြုတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများကို တာဝန်ခံမှုရှိစေရန်” ဖြစ်သည်။


အမေရိကန်သံရုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။ သို့သော် အမေရိကန်အစိုးရအနေဖြင့် နောင်တစ်ချိန် တရားရုံးများတွင်တင်ပြနိုင်ရန် စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သက်သေအထောက်အထားများကို မှတ်တမ်းတင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအား တိုက်ရိုက်ပံ့ပိုးကူညီသင့်သည်။


သတ္တမမြောက်နှင့် နောက်ဆုံးတောင်းဆိုချက်မှာ မြန်မာနိုင်ငံတွင် “ကြီးမား သော လူအများ အတိဒုက္ခရာက်စေမည့် ကပ်ဘေးကို တားဆီးရန်” အမေရိကန်ပြည်ထောင်စုက အကူအညီပေးရေးဖြစ်သည်။


NDAA ၏ မြန်မာနိုင်ငံသည် ကိုဗစ်−နိုင်တီးကပ်ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရသည်။ ကိုဗစ်−နိုင်တီးကပ်ရောဂါရိုက်ခတ်မှုခံရပြီးနောက် တိုင်းပြည်စီးပွားရေးမှာ ကသောင်းကနင်းဖြစ်နေပြီး ၂၀၂၁ခုနှစ်တွင် အနုတ် ၁၈ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။


အကျိုးဆက်မှာ တိုင်းပြည်လူဦးရေထက်ဝက်ခန့် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်ရပြီး ဆယ်စုနှစ်တစ်ခုစာတန်ဖိုးရှိ စီးပွားရေးအကျိုးအမြတ်များ နောက်ပြန်ယုတ်လျော့သွားသည်။ အမေရိကန်အစိုးရသည် နိုင်ငံခြားရေးဌာန သို့မဟုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှတဆင့် မည်သည့်အရင်းအမြစ်များကို ဖြည့်ဆည်းပေးမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။


NDAA တွင်ဖော်ပြထားသည့် ရည်မှန်းချက်ပန်တိုင်များစွာသည် တိကျသေချာမှုမရှိပေ။ တခြားမည်မည်ရရ ပြောစရာမရှိသော်ငြား NDAA သည် ဘိုင်ဒင်အစိုးရအား “အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ထောက်ခံအားပေးရန်” နှင့် အင်န်ယူဂျီအစိုးရ၏ ရည်မှန်းချက်များအောင်မြင်ရေးအတွက် လိုအပ်သည့်အခြေအနေများကို ဖော်ဆောင်ပေးရန် လိုအပ်သည်။


လက်ရှိအချိန်တွင် ဌာနအသီးသီးနှင့် အေဂျင်စီများသည် အင်န်ယူဂျီအား နိုင်ငံတကာတရားဝင်မှု ရရှိစေရန်နှင့် ထိုသို့လုပ်ဆောင်ရာတွင် ပိုမိုများပြားသည့် အရင်းအမြစ်များရရှိရေးကို ဦးတည်စေမည့် နည်းလမ်းများကို ပေါင်းစပ်စုစည်းကာ လမ်းညွှန်ချမှတ်ပေးသင့်သည်။ တချိန်တည်းမှာပင် စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးမှုများလည်း တိုးမြင့်လုပ်ဆောင်ရမည် ဖြစ်သည်။


အာဆီယံသည် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန် တာဝန်မဲ့သည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ အမေရိကန်ဦးဆောင်မှုသည် ယခင်ကထက်ပိုမိုလိုအပ်နေသည်။ 2022 NDAA သည် အာဏာကို ခေါင်းမာမာဖြင့်ဖက်တွယ်ဆုပ်ကိုင်ကာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲဆင်နွှဲနေသည့် စစ်အာဏာရှင်အား အနိုင်ပိုင်းရန် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။


ဒီမိုကရေစီနည်းကျရွေးကောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ကို ဖြုတ်ချလိုက်သည့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး ဘိုင်ဒင်အစိုးရသည် မြန်မာစစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းမှုနှင့်အင်မ တန်ဆိုးရွားသည် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သာမန်တုံ့ပြန်မှုမျိုးလောက်သာပြုလုပ်ခဲ့သည်။


မျှမျှတတဆိုလျှင် အာဏာသိမ်းမှုသည် ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အကြာ၊ ကိုဗစ်ကပ်ရောဂါနှင့် စီးပွားရေးကျဆင်းနေသည့်ကာလတွင်ဖြစ်ပေါ်ခဲ့သည်။ လူ့အခွင့်အရေးကို နိုင်ငံခြားရေးမူဝါဒအဖြစ် ဆောင်ရွက်ရန်၊ တရုတ်ကို အမေရိကန်အစိုးရ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ကြောင်း အစိုးရက ကတိပြုထားသည့်တိုင် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုနည်းပါးခဲ့သည်။


အစိုးရသည် New York Federal Reserve တွင် အပ်နှံထားသည့် မြန်မာအစိုးရ၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို အလျှင်အမြန်ထိန်းချုပ်လိုက်သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်ပိုင် စီးပွားရေးကော် ပိုရေးရှင်းကြီးနှစ်ခုကို ချက်ချင်းပင် ဒဏ်ခတ်အရေးယူလိုက်သည်။


စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများ၊ ၎င်းတို့၏ သားသမီးများနှင့် ခရိုနီများကိုလည်း ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်အစိုးရသည် ဂျပန်၊ ထိုင်းနှင့် စင်္ကာပူတို့အပါအဝင် သူ၏အဓိက မိတ်ဖက်များနှင့် မဟာမိတ်များအား မြန်မာနိုင်ငံအပေါ် ထိုသို့အရေးယူမှုများလိုက်ပါပြုလုပ်နိုင်ရန် မစွမ်းဆောင်ခဲ့ပေ။


အမေရိကန်သည် မြန်မာနိုင်ငံသားများအား TPS (Temporary Protective Status)ဟု ခေါ်ဆိုသည့် ယာယီအကာအကွယ်ပေးရေး အစီအမံအောက်တွင် အကူအညီပေးနေပြီး အတိုက်အခံအစိုးရဘက်မှ ရပ်တည်လိုက်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအား ကုလသမဂ္ဂတွင် တရားဝင်အသိအမှတ်ပြုမှု ရနိုင်ရေးအတွက် ပံ့ပိုးကူညီပေးနေသည်။ ထို့ပြင် အမေရိကန်သည် အဆိုပါသံအမတ်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူနှစ်ဦး ကိုလည်း အရေးယူထားသည်။


နောက်ပိုင်းတွင် အမေရိကန်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေးနှင့် စီပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် မြန်မာစစ်အစိုးရအပေါ် အာဆီယံ၏ ဖိအားများပိုမိုကျရောက်စေရန် စည်းရုံးသည့်အနေဖြင့် နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ် အများအပြားအား အရှေ့တောင်အာရှနိုင်ငံများသို့ မကြာခဏဆိုသလို စေလွှတ်ခဲ့သည်။


အလားတူ စင်ပြိုင် အမျိုးသားညွတ်ရေးအစိုးရ (အင်န်ယူဂျီ) အား ဒေါ် လာ သန်း ၅၀ တန်ဖိုးရှိ ကိုဗစ်−နိုင်တီးကာကွယ်ဆေးများလည်း ကူညီပေးခဲ့သည်။ အောက်တိုဘာလတွင် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်သည် အင်န်ယူဂျီ ကိုယ်စားလှယ်များနှင့် အွန်လိုင်းကတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။


အမေရိကန်အစိုးရသည် (စစ်အစိုးရ၏) ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများကိုရှုတ်ချပြီး (ယင်းလုပ်ရပ်များအတွက်)တာ၀န်ခံမှုရှိရန်လည်း တောင်းဆိုထားသည်။


အာဏာသိမ်းပြီး ၁၁ လတာကာလအတွင်း အမေရိကန်သည် နိုင်ငံအများစုထက် ပိုမိုသာလွန်လုပ်ဆောင်ခဲ့သော်လည်း လုံလောက်သည်တော့ မဟုတ်ပေ။ အမေရိကန်အစိုးရအနေဖြင့် စတင်လုပ်ဆောင်သင့်သည့် အချက် ၈ ချက်ကို စာရေးသူက ယခုဆောင်းပါးတွင်ဖော်ပြထားပါသည်။တချို့အချက်များမှာ ၂၀၂၂ NDAA အရ စတင်အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်သည်။


NDAA တွင်ဖော်ပြထားသည့် အချို့သောစာသားများသည် အလွန်ကို ဝတ်ကျေတန်းကျေသဘောဆန်ပြီး အစိုးရအဖွဲ့သည် မြန်မာနိုင်ငံရှိ အမေရိကန်ပြည် ထောင်စု၏ မူဝါဒနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား လွှတ်တော်ထံ ပုံမှန်တင်ပြသွားရန်လိုအပ်သည်ဟုဆိုသည်။


အသစ်ပြဌာန်းလိုက်သည့် ဥပဒေတွင် စစ်တပ်က ရွေးကောက်ခံ အင်န်အယ်လ်ဒီအစိုးရကို အာဏာပြန်လည်လွှဲပြောင်းပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော အင်န်အယ်လ်ဒီခေါင်းဆောင်တွေကို လွှတ်ပေးရန် တောင်းဆိုခြင်းမျိုး မပါဝင်ပေ။


အင်န်ယူဂျီကို ဖွဲ့စည်းလိုက်ခြင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် အောင်မြင်မှုများက အပြောင်းအလဲများကိုဖြစ်စေခဲ့သည်။ အင်န်အယ်လ်ဒီပါတီဝင်များနှင့် ရွေး ကောက်ခံအမတ်များ လွှမ်းမိုးထားသည့်တိုင် အင်န်ယူဂျီသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် အင်န်အယ်လ်ဒီအစိုးရထက် သာလွန်သည့်အဖွဲ့အစည်းဖြစ်သည်။


လူနည်းစုများကိုယ်စားပြုမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းစွာပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် စုဖွဲ့မှုကိုအခြေခံထားသည်။ အင်န်ယူဂျီ၏ ရည်မှန်းချက်မှာ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အခြေအနေမျိုးကို ပြန်လည်ရောက်ရှိရုံ သာမန်ရည်မှန်းချက်မျိုး မဟုတ်တော့ပေ။


အင်န်ယူဂျီ၏ ပန်းတိုင်မှာ တိုင်းပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား အာဏာခွဲဝေမှုနှင့်အတူ စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန်နှင့် အရပ်သားအုပ်ချုပ်မှု အပြည့်အဝရှိသည့် တပ်မတော်တစ်ရပ် ထူထောင်နိုင်ရေးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။


(The Diplomat တွင်ဖော်ပြထားသော Zachary Abuza တွင်ရေးသားသည့် What the National Defense Authorization Act Means for US Policy Toward Myanmar ဆောင်းပါးကို သင့်လျော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်။)


Source Khit Thit Media