သိန်းတသောင်းခွဲဆု ဆက်တိုက် ဆွတ်ခူးပြီးနောက် ဧရာဝတီတိုင်းတွင် ထီရောင်းကောင်း

2019-08-24 14:07:16


သိန်းတသောင်းခွဲဆု ဆက်တိုက် ဆွတ်ခူးပြီးနောက် ဧရာဝတီတိုင်းတွင် ထီရောင်းကောင်း

အောင်ဘာလေထီ ကျပ် သိန်း ၁၅,၀၀၀ ဆု ဆက်တိုက် ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ထီလက်မှတ် ရောင်းအားမြင့်တက်နေကြောင်း ထီဆိုင်ပိုင်ရှင်အချို့က ပြောကြား သည်။ ကျပ် ၁,၀၀၀ တန် ထီဖွင့် လှစ်ခဲ့သည့် (၆)ကြိမ် အနက် ဧရာ ဝတီတိုင်းဒေသကြီးမှ လေးကြိမ်ထွက်ရှိသဖြင့် ထီဝါသနာရှင် များက ယင်းတိုင်းဒေသကြီးရှိ ထီဆိုင်များတွင် ထီလက်မှတ် ပိုမို ဝယ်ယူလာသည်ဟု ၎င်းတို့က ဆို သည်။


‘‘ကျွန်တော့်ဆိုင်ကတော့ အ ရင်ထက်ကို ရောင်းအား ခြောက် ဆလောက် တက်သွားတယ်။ လမကုန်ခင်တော့ လက်ကျန် ပြတ်နိုင်တယ်’’ဟု (၅)ကြိမ်မြောက်ကျပ်သိန်း ၁၅,၀၀၀ ထီလက်မှတ်ရောင်းချခဲ့သည့် ဟင်္သာတမြို့မှ ရွှေထီးထီဆိုင်ပိုင်ရှင် ဦးစောဝင်းက ပြောသည်။


ထို့အပြင် (၆)ကြိမ်မြောက် ကျပ် ၁,၀၀၀ တန်ထီ၏ ကျပ်သိန်း၁၅,၀၀၀ ဆု လက်မှတ်ရောင်းချပေးခဲ့သည့် မင်္ဂလာ စွယ်တော် ထီဆိုင်၌ ယခုလတွင် ထီလက်မှတ်ရောင်းအား သုံးဆခန့် မြင့်တက်ခဲ့သည်ဟု ယင်းထီဆိုင်ပိုင်ရှင် ဒေါ်ဝင်းမာအေးက ဆိုသည်။ ထိုသို့ ထီလက်မှတ်ဝယ်ယူ ကံစမ်းသူများမှာ မြို့ခံများသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များကလည်း လာရောက်ဝယ်ယူကံစမ်းမှုများ ရှိသည်ဟု ၎င်းတို့ကပြောသည်။


‘‘ဘုရားဖူးကားတွေက လမ်း ကြုံဝင်ထိုးတာတွေရှိတယ်။ တချို့မြို့ခံတွေကတစ်ဆင့် လှမ်းမှာပြီး ထိုးတာမျိုးတွေလည်း များတယ်’’ဟု ဦးစောဝင်းက ပြောကြားသည်။ ပုသိမ်မြို့ပေါ်တွင် ထီလက် ပွေ့ရောင်းသူ တစ်ဦးကလည်း (၆)ကြိမ်မြောက် တွင် ဧရာဝတီ တိုင်းဒေသကြီးက ကျပ်သိန်း ၁၅,၀၀၀ ဆု ထပ်မံဆွတ်ခူးသဖြင့် ယခုလတွင် ထီလက်မှတ် ပိုမို ရောင်းချရ ကြောင်း ဆိုသည်။


‘‘ထီထိုးလေ့မရှိသူတွေက တောင် တကူးတက ထိုးလာကြ တယ်။ လဆန်းပိုင်းမှာတင် အ ရောင်းပြတ်သွားလို့ ထပ်ယူထား ရတယ်’’ဟု ၎င်းက ပြောသည်။ ကျပ် ၁,၀၀၀ တန် ထီဖွင့် လှစ်ခဲ့သည့် ခြောက်ကြိမ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် နှစ် ကြိမ်နှင့် ဧရာဝတီတိုင်းဒေသကြီး တွင် လေးကြိမ် ဆွတ်ခူးထားခြင်း ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး တွင် ပုသိမ်၊ ကျောင်းကုန်းမြို့နယ်တို့၌ တစ်ကြိမ်စီနှင့် ဟင်္သာတ မြို့နယ်မှ နှစ်ကြိမ် ဆွတ်ခူးထား သည်။


7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)