“အရှက်၊ အသက်တွေနဲ့ လဲခဲ့ရတဲ့ ထန်းလျက်ခဲများမှ ရွှေဖြစ်စေချင်သူ”

2019-08-24 13:57:17


“အရှက်၊ အသက်တွေနဲ့ လဲခဲ့ရတဲ့ ထန်းလျက်ခဲများမှ ရွှေဖြစ်စေချင်သူ”

တောသူတောင်သား ဆင်းရဲသားတွေ အရှက်၊ အသက်နဲ့ လဲပြီး မှောင်ခိုကုန်ကူးကြတဲ့အကြောင်း သည်းထိတ်ရင်ဖို ရေးထားတာဆိုတော့ သူတို့ ဘယ်လို ကုန်ပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်ကြတာလဲ။ ညိုညို မှောင်ခိုသယ်တာ ဘာတွေလဲ။ ဘိန်း၊ မူးယစ်ဆေး၊ ကျောက်စိမ်း၊ ရွှေချောင်း၊ နိုင်ငံခြားကုန်စည်တွေ လုံးဝ လုံးဝ မဟုတ်ရပါဘူး။ သူတို့ အညာဒေသထွက် “ထန်းလျက်” ပါတဲ့ဗျာ။ ဟုတ်မှ ဟုတ်ပါလေစ။ ထန်းလျက်ခဲအတွက် အရှက်တွေ အသက်တွေနဲ့ လဲခဲ့ကြရတာ တကယ်လား။


၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးတော့ မြန်မာပြည်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ဆိုတာကြီးကို ကျင့်သုံးခဲ့ပါတယ်။ တောင်သူလယ်သမားတွေဟာ ကိုယ်စိုက်ပျိုးတဲ့ လယ်ယာထွက်ကုန်တွေကို ကိုယ့်သဘောနဲ့ကိုယ် ရောင်းဝယ်ခွင့်မရှိဘူး။ အစိုးရကဖွင့်တဲ့ ဒိုင်တွေမှာသာ စစ်အစိုးရသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ရောင်းကြရတဲ့ စနစ်ပါတဲ့။ အပြင်ပေါက်ဈေးထက် အဆမတန် နည်းပါးတဲ့ အစိုးရဒိုင်တွေကို မရောင်းရင် ဖမ်းဆီးထောင်ချခံရတဲ့အထိ အပြစ်ပေးတာကြောင့် တောင်သူလယ်သမားတွေ ကျောကော့အောင် ခံကြရပါတယ်။




ဘယ်သူမဆို ပင်ပင်ပန်းပန်း ကိုယ့်လုပ်အားနဲ့ စိုက်ထုတ်ထားရတဲ့ သီးနှံတွေကို ထိုက်ထိုက်တန်တန် ဈေးကောင်းကောင်းလေးနဲ့ ရောင်းချင်တာ ဓမ္မတာပဲ။ ဒါပေမဲ့၊ အပြင်မှာ ရောင်းရင် အစိုးရက ဖမ်းဆီးထောင်ချတာတွေ လုပ်တော့ မှောင်ခိုရောင်းကြရတယ်။ ကိုယ့်ပစ္စည်းကိုယ် တိတ်တိတ်ခိုးပြီး မှောင်ခိုရောင်းရတဲ့ ဆိုရှယ်လစ်ခေတ်တဲ့။


အဲဒီတော့၊ ထန်းတောင်သူတွေလည်း ဈေးကောင်းရချင်လို့ အပြင်မှာ မှောင်ခိုရောင်းတယ်။ တခြားနယ်တွေကို ညိုညိုတို့လို ဈေးတောင်းခေါင်းရွက် မှောင်ခိုသယ်ပေးတဲ့ ကယ်ရီတွေလည်း ပိုက်ဆံလေးအနည်းအပါး ရကြတယ်။ အဲဒီ မှောင်ခိုကုန်သည်လေးတွေကို အစိုးရအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ ရထားရဲက အနိုင်ကျင့်တယ်။ ယောက်ျားတွေဆီက ပိုက်ဆံတောင်း၊ မိန်းကလေးတွေကို အဓမ္မကျင့်၊ မယားငယ်လုပ်ပြီး ဗိုလ်ကျနှိပ်စက်ကြတယ်။ ၁၉၇၀ ခုနှစ်များဆီက ဆိုရှယ်လစ် စီးပွားရေးစနစ်အောက်မှာ ဆင်းရဲသားပြည်သူတွေ ဘဝပျက်ခဲ့ရသလို၊ နအဖ စစ်အာဏာရှင်စနစ်လက်အောက်မှာလည်း အတူတူပါပဲ။ ထန်းတောင်သူတွေ ဝင်ငွေမကောင်းလို့ ထန်းပင်တွေ အပင်လိုက် တရုတ်တွေလက်ကို ထိုးရောင်းကြရတဲ့အထိ အခြေအနေဆိုးခဲ့ကြရတယ်။




နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ လုပ်ကိုင်နေတဲ့ Yakult ဂျပန်ကုမ္ပဏီကို သွားလေ့လာရင်း ထန်းလျက်သုံးကြည့်ဖို့ အကြံဉာဏ်ပေးတော့ ဝိုင်းပြီး လှောင်ကြပြောင်ကြသူတွေ ရှိတယ်။ သူတို့ဟာ ပညာအဆင့်အတန်း နိမ့်ပါးပြီး အသိဉာဏ် ဗဟုသုတ ခေါင်းပါးသူတွေ ဖြစ်ပါတယ်။ ဂျပန်တွေ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးရောင်းချနေတဲ့ Yakult ကို မသိသလို ထန်းလျက်ရဲ့ တန်ဖိုးကိုလည်း နားမလည်သူတွေပါ။




ဂျပန်လို ယာကုရုတိုလို့ အသံထွက်တဲ့ Yakult သောက်စရာဖျော်ရည်ဟာ မြန်မာတွေအနေနဲ့ ဒိန်ချဉ်လို့ပဲ လွယ်လွယ် ခေါ်ကြပါလိမ့်မယ်။ တကယ်တော့၊ အူလမ်းကြောင်းမှာ အစာချေဖျက်မှု ကောင်းမွန်စေပြီး ဝမ်းမှန်တဲ့ ဘက်တီးရီးယားတွေနဲ့ ဖော်စပ်ထားတဲ့ ဓာတ်စာဖျော်ရည်တမျိုး ဖြစ်ပါတယ်။ ဂျပန်သိပ္ပံပညာရှင် ဒေါက်တာ ရှိရိုတ မိနိုရု တွေ့ရှိခဲတဲ့ ရှိရိုတ ဘက်တီးရီးယားနဲ့ ဖော်စပ်ထားတဲ့ ဒိန်ချဉ်ဖျော်ရည်ကို စစ်မဖြစ်ခင် ၁၉၃၀ ခုနှစ်ကတည်းက ဂျပန်နိုင်ငံမှာ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။


ခံတွင်းကောင်းပြီး ဝမ်းမှန်စေတဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် ကမ္ဘာမှာ ဈေးကွက်နေရာ အခိုင်အမာရထားတဲ့ ကျန်းမာရေး ဓာတ်စာလည်း ဖြစ်တယ်။ အဓိက ပါဝင်ပစ္စည်းက နွားနို့နဲ့ ရှိရိုတ ဘက်တီးရီးယား probiotics ဖြစ်ပြီး နို့ထဲမှာ ဖောက်တော့ ဒိန်ချဉ်လို ဖြစ်ရာက အရသာအတွက် ဂလူးကို့စ်-ဖရပ်တို့စ် သစ်သီးထွက် သကြားစွက်ပေးထားပါတယ်။




သကြားအသုံးပြုတဲ့နေရာမှာ ကြံသကြားအစား ထန်းသကြားဖြစ်တဲ့ ထန်းလျက်ကို အသုံးပြုကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပေးတာဟာ ဘာမှ လှောင်ပြောင်စရာ မရှိပါဘူး။ ရယ်စရာမဟုတ်ပါဘူး။ တကယ်တော့ ထန်းသကြား (palm sugar) ဟာ ကြံသကြားထက် ဈေးကြီးပြီး ကျန်းမာရေးအတွက် ပိုပြီးတော့လည်း ကောင်းပါတယ်။ မြန်မာပြည်မှာ ဈေးသက်သက်သာသာ ရနိုင်ရင် ထန်းသကြား (ထန်းလျက်) နဲ့ ထုတ်လုပ်ဖို့ Yakult ပညာရှင်တွေ စဉ်းစားရမယ့် အချက်ပါ။ ဒါကို အကြံပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဆင်းရဲသား ထန်းတောင်သူတွေ အကျိုးအတွက်ပဲ ရည်ရွယ်တာ ဖြစ်ပါတယ်။


ဒီလို နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ပြောလိုက်တဲ့ စကားကို ဂျပန်တွေ ပေါ့ပျက်ပျက် သဘောမထားတာ သေချာပါတယ်။ သူတို့ စူးစမ်းလေ့လာ သုတေသန လုပ်ကြပါလိမ့်မယ်။ တကယ် တွက်ခြေကိုက်ပြီး ဈေးကွက်ဝင်မယ်ဆိုရင် ဂျပန်တွေ အင်တိုက်အားတိုက် လုပ်ပါတော့မယ်။ ဒါဆိုရင် အထက်အညာ မိုးနည်းရေရှားဒေသက ထန်းတောတွေ စိုစိုပြေပြေ စီးပွားဖြစ်လာမယ့် အလားအလာ ရှိတာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ထန်းလျက်သုံးကြည့်ပါလားဆိုတဲ့ စကားဟာ ဟားစရာမဟုတ်ဘူး။




တချိန်က ပြည်သူတွေရဲ့ အရှက်တွေ၊ အသက်တွေနဲ့ လဲခဲ့ရတဲ့ ထန်းလျက်ခဲတွေကို ရွှေဖြစ်အောင် ပြောင်းလဲပေးချင်တဲ့ ဖြူစင်တဲ့ သူ့စေတနာသက်သက်ပါ။


ခရက်ဒစ် – Min Myat Maung

Min Myat Maung ဖေ့စဘွတ်မှ ကူယူဖော်ပြပါသည်။