(လက်ရှိ ) ဥရောပ ရဲ့ အိမ်ကွင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံး စံချိန်ကို ထိန်းသိမ်းထားတဲ့ #လီဗာပူး

2019-08-24 12:18:21


(လက်ရှိ ) ဥရောပ ရဲ့ အိမ်ကွင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံး စံချိန်ကို ထိန်းသိမ်းထားတဲ့ #လီဗာပူး

လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူး အသင်းဟာ ဒီညမှာတော့ ပရီးမီးယားလိဂ် ဒီရာသီ ပြိုင်ပွဲမှာ လုံးဝ ရှုံးပွဲ မရှိသေးတဲ့ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ဒီပွဲဟာ အကြိတ်အနယ် နဲ့ ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာ နေသလို ၊ ပေါင် သန်း 150 အထိ ဖြည့်တင်းထားတဲ့ အူနိုင်းအမ်မရီ ရဲ့ မျက်နှာသစ် ကစားသမားတွေ ရဲ့ ခြေစွမ်းကိုလဲ အမှန်အကန် သုံးသပ်ခွင့် ရရှိတော့မှာပါ။

 

သို့သော် ဒီပွဲ မကစားမီ အမ်မရီ အတွက် စိုးရိမ်စရာ အချက်အလက် အမှတ်တမ်းပေါင်း များစွာ အန်ဖီးလ်ကွင်းကြီးထဲမှာ ရှိလို့နေပါတယ်။


အဲဒါကတော့ လီဗာပူး နည်းပြ ကလော့ပ်ဟာ အင်္ဂလန် ကို ရောက်ရှိလာပြီး နောက်ပိုင်း အာဆင်နယ် အသင်းဆိုရင် ပရီးမီးယားလိဂ် မှာ လုံးဝ ရှုံးနိမ့်ဖူးခြင်း မရှိသေးသလို ၊ 7 ပွဲ ကစားခဲ့ရာ 4 ပွဲ နိုင် 3 ပွဲသရေ ရလာဒ် ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။

 

ကလော့ပ် ရဲ့ ပြိုင်ဘက် အသင်းတွေ နဲ့ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေကို ကြည့်လိုက်ရင်လဲ ၊ သူဟာ အာဆင်နယ် နဲ့ အဲဗာတန် အသင်းတွေ ဆိုရင် ပရီးမီးယားလိဂ်မှာ တစ်ခါမှ မရှုံးနိမ့်သေးတာကြောင့် ၊ အဲဒီ အစဉ်အလာက အူနိုင်း အမ်မရီ အတွက် သတိထားဖို့ ကောင်းနေပါတယ်။


ဒါ့အပြင် လီဗာပူးဟာ အာဆင်နယ် နဲ့ ပြိုင်ပွဲ အရပ်ရပ် ထိပ်တိုက်တွေ့ ဆုံခဲ့တဲ့ နောက်ဆုံး 8 ပွဲမှာ ရှုံးပွဲက လုံးဝ မရှိသေးသလို ၊ 4 ပွဲ နိုင် ၊ 4 ပွဲ သရေ ရလာဒ် ထွက်ပေါ် ထားပြန်တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် အဓိက ထားစောင့်ကြည့်ရမယ့် လီဗာပူး ကစားသမား ကတော့ ဖာမင်နို ဖြစ်ပြီး ၊ သူဟာ လန်ဒန် ကလပ်နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ 8 ပွဲ မှာ စုစုပေါင်း သွင်းဂိုးက 8 ဂိုး အထိ သွင်းယူထား နိုင်သူ ဖြစ်ပါတယ်။




ဒါ့အပြင် ဖာမင်နို ဟာ ဒီညမှာ တစ်ဂိုး ထပ်မံ သွင်းယူ လိုက်မယ် ဆိုပါက ပရီးမီးယားလိဂ် သမိုင်းမှာ သွင်းဂိုး 50 ပြည့်မြှောက်အောင် သွင်းယူနိုင်တဲ့ ပထမဆုံး ဘရာဇီး ဘောလုံး သမား အဖြစ် မှတ်တမ်း ၀င်သွားမှာဖြစ်ပါတယ်။


အထက် ဖော်ပြပါ မှတ်တမ်းတွေထက် ပိုပြီး စိုးရိမ် စရာ အကောင်းဆုံး ဖြစ်မယ့် မှတ်တမ်း တစ်ခုက လီဗာပူး ရဲ့ အန်ဖီးကွင်းထဲက ပရီးမီးယားလိဂ် စွမ်းဆောင်ရည် မှတ်တမ်း ဖြစ်ပါတယ်။


သူတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိတာ 2 ရာသီ ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး ၊ 2017-2018 ခုနှစ် ဘောလုံရာသီမှာ ကစားခဲ့တဲ့ အိမ်ကွင်း 19 ပွဲမှာ 12 ပွဲ နိုင် ၊ 7 ပွဲ သရေ ရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ လီဗာပူး အသင်းဟာ အိမ်ကွင်းမှာ 17 ပွဲ နိုင် ၊ 2 ပွဲ သရေ ရလာဒ် ဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ သူတို့ အသင်း အန်ဖီးလ် မှာ နောက်ဆုံး ရှုံးနိမ့်တဲ့ ပွဲစဉ်က 2017 ခုနှစ် ဧပြီလ 22 ရက်နေ့ က ကစားခဲ့တဲ့ ပဲလေ့ နဲ့ ပွဲစဉ် ဖြစ်ပြီး ၊ တစ်ချိန်မှာ လီဗာပူး တိုက်စစ်မှုး ဖြစ်လာမယ့် ဘန်တီကီ ရဲ့ သွင်းဂိုးတွေ နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။


အခုဆိုရင် လီဗာပူးဟာ အိမ်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိခဲ့တာ 41 ပွဲ အထိ ရှိလာခဲ့ပြီ ဖြစ်သလို ၊ အဲဒီ မှတ်တမ်းဟာ လက်ရှိ ဥရောပ ထိပ်သီးလိဂ် 5 ခုမှာ အိမ်ကွင်း ရှုံးပွဲမရှိ ပွဲဆက် အများဆုံး အသင်းအဖြစ် ပြတ်ပြတ်သားသား ရပ်တည်လျှက် ရှိနေပါတယ်။ အီတလီ ရဲ့ ပြိုင်ဘက် မရှိ ဘုရင်ကြီးလို့ တင်စားထားတဲ့ ဂျူဗီ တောင် အိမ်ကွင်း ရှုံးပွဲဆက် မရှိ စံချိန်က 21 ပွဲသာ ရှိသေးတာ ဖြစ်ပါတယ်။




ဒါကြောင့် အိမ်ကွင်းမှာ ရလာဒ်ကောင်းတွေ ၊ မှတ်တမ်း ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူး အသင်းကို အာဆင်နယ် အနေနဲ့ ဘယ်လာက်အထိ အနှောင့်အယှက် ပေးသွားမလဲ ဆိုတာ ဒီညမှာ ဆက်လက် စောင့်ကြည့်ရအောင်ဗျာ………..


(လက်ရှိ) အိမ်ရှင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံး ပိုင်ဆိုင်ထားတဲ့ ဥရောပ ကလပ်များ

**********************************************

41 ပွဲ – လီဗာပူး


21 ပွဲ – ဂျူဗင်တပ်


20 ပွဲ – ပီအက်စ်ဂျီ


15 ပွဲ – ဘီဘာအို


14 ပွဲ – ဘိုင်ယန်


12 ပွဲ – ဘာစီလိုနာ


SM