၂၀၂၂ ခုနှစ် ၊ နှစ်သစ်ကူး အထူးယတြာ …


၂၀၂၂ ခုနှစ် ၊ နှစ်သစ်ကူး အထူးယတြာ …

၂၀၂၂ ခုနှစ် ၊ နှစ်သစ်ကူး အထူးယတြာ …


လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဟာ စနေနေ့မှာ ကျရောက်တဲ့အတွက် နေ့နံအလိုက် နှစ်သစ်အကြို အထူးယတြာအစီအရင်ကို လုပ်ဆောင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီယတြာကို နှစ်သစ်အစ ဇန်နဝါရီ (၁) ရက်မှာ စီရင်နိုင်ခဲ့ရင် တစ်နှစ်လုံး ဘေးကင်းရန်ကွာပြီး လိုရာပြည့်စေဖို့ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။


တနင်္ဂနွေသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၉ နာရီ ၂၅ မိနစ်နဲ့ ၁၀ နာရီ ၁၅ မိနစ်အတွင်း တနင်္ဂနွေသားသမီးတွေဟာ အိမ်ကဘုရားမှာ ကြေးဖလားနဲ့ သောက်တော်၊ သုံးတော်ရေ ကပ်လှူပါ။ “အရဟံ” ဂုဏ်တော်ကို သက်စေ့ထက် တစ်ခေါက်ပိုပြီး ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့မှာ နေမဝင်ခင်အထိ အဝစားထားသင့်ပြီး နေဝင်ပြီးရင် အစားအစာကို ရှောင်ကျဉ်သင့်ပါတယ်။ ညပိုင်းမှာတော့ စေတီတစ်ဆူမှာ ညလုံးပေါက် မီးအလှူရှင်အဖြစ် လှူဒါန်းရပါမယ်။


တနင်္လာသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁ နာရီ ၅ မိနစ်အတွင်း တနင်္လာသားသမီးတွေဟာ မိခင်၊ အဘွား (သို့) အမျိုးသမီးအကြီးအကဲတစ်ဦးကို နွားနို့တစ်ခွက် ဖန်ခွက်အကြည်နဲ့ ထည့်ပြီး တိုက်ပါ။ သူတို့ ပို့သတဲ့ မေတ္တာနဲ့ ဆုတောင်းစကားကို အလေးအနက် ခံယူပါ။ တစ်နေ့တာအတွင်း “သရဏဂုံ” ကို သက်စေ့ ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့မှာ အဖြူရောင်ဝတ်ပြီး အသက်လွတ်စားပေးပါ။ အအေးနဲ့အချိုရည်တွေ ရှောင်ကျဉ်ပါ။


အင်္ဂါသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၈ နာရီ ၃၅ မိနစ်နဲ့ ၉ နာရီ ၂၀ မိနစ်အတွင်း အင်္ဂါသားသမီးတွေက အိမ်က ဘုရားမှာ ထန်းလျက် ၁၀ ခဲနဲ့ ဆွမ်းကပ်လှူပေးပါ။ “နမောတဿ” အစချီဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပါ။ ပြီးရင် ထန်းလျက် ၁၀ ခဲကို ဘုရားဆွမ်းတော် ပြန်စွန့်ပြီး ဘုရားဆေးအဖြစ် အာရုံပြု စားသုံးရပါမယ်။ နှစ်သစ် ပထမဆုံးရက်မှာ ဖြစ်နိုင်ရင် သွေးလှူပေးပါ။ (သို့) သွေးမကြာခဏ လှူတဲ့သူကို အစာ၊ အာဟာရ ဒါနပြုပေးပါ။


ဗုဒ္ဓဟူးသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်နဲ့ ၁၂ နာရီအတွင်း အိမ်ကဘုရားမှာ အသီးအရွက်ကြော် (အသက်လွတ်) တစ်ပွဲ ကပ်လှူပြီးတော့ “ဗုဒ္ဓေါ” ဂုဏ်တော်ကို သက်စေ့ထက် တစ်ခေါက်ပို ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့ မနက်လင်းတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းပြီး အဝတ်အစားအသစ် (အစိမ်းရောင်) တစ်ထည်ကို ကျကျနန ဝတ်ဆင်ပါ။ ကိုယ့်အိမ်၊ ဆိုင်ခန်း၊ အလုပ်စားပွဲ စတဲ့နေရာတွေကိုလည်း သန့်ရှင်းတောက်ပအောင် လုပ်ပေးပါ။


ကြာသပတေးသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၇ နာရီ ၃၅ မိနစ်နဲ့ ၈ နာရီ ၃၀ မိနစ်အတွင်း အိမ်ကဘုရားမှာ အဆီအဆိမ့် များတဲ့ (ထောပတ်လည်း ပါတဲ့) ဆွမ်းတစ်ပွဲကို ကပ်လှူပေးပါ။ “မေတ္တာသုတ်” ကို ငါးခေါက် ရွတ်ဖတ်ပူဇော်ပါ။ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေကို ကိတ်မုန့် ဝေပေးပါ။ ဘုန်းကြီးကျောင်း (သို့) စေတီမှာ ဘုရားကပ်ဖို့ ပန်းအဝါ (မည်သည့်ပန်းမျိုးမဆို) လှူဒါန်းပေးပါ။ တစ်နေ့တာလုံးမှာ အဝါရောင်ဖျော့ဖျော့ အဝတ်အစားကို ဝတ်ဆင်ပါ။


သောကြာသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၁၀ နာရီ ၂၀ မိနစ်နဲ့ ၁၁ နာရီ ၁၅ မိနစ်အတွင်း အိမ်ကဘုရားမှာ အမွှေးတိုင် ၆ တိုင်နဲ့ နို့ဆန်ပြုတ်တစ်ပွဲကို လှူဒါန်းပေးပါ။ “ဒိဝါတပတိ” အစချီ ဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပူဇော်ပါ။ တစ်နေ့လုံးမှာ ပန်းရောင် (သို့) အဖြူတောက်တောက်ကို ဝတ်ဆင်ပြီး လှုပ်ရှားသွားလာပါ။ ဆံပင်၊ မုတ်ဆိတ် စတာတွေကို သပ်ရပ်အောင် ရှင်းထားပါ။ နွမ်းပါးသူတွေကို ဒိန်ချဉ် ဝယ်တိုက်ပြီး လိုရာဆန္ဒ အာရုံပြုပေးပါ။


စနေသားသမီးများ


ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၆ နာရီ ၃၅ မိနစ်နဲ့ ၇ နာရီ ၃၀ မိနစ်အတွင်း အိမ်ကဘုရားမှာ နှမ်းပျစ် (သို့) နှမ်းကပ်မုန့် ၈ ခုကို ကပ်လှူပေးပါ။ “ပဋ္ဌာန်း” အကျဉ်းကို သက်စေ့ရွတ်ဖတ်ပူဇော်ပါ။ အိမ်၊ ဆိုင်ခန်း၊ အလုပ် စတဲ့ကိုယ့်နေရာမှန်သမျှ အလင်းရောင် အားကောင်းကောင်းနဲ့ဝင်လာအောင် ဖွင့်လှစ် ပြင်ဆင်ထားရပါမယ်။ ဒီနေ့မှာ တောင်းရမ်းစားသောက်သူ၊ ဒုက္ခသည် စတဲ့သူတွေကို မိမိတတ်အားသရွေ့ လှူဒါန်းကုသိုလ်ယူပေးပါ။


မှတ်ချက် – ဖော်ပြပါ ယတြာနည်းလမ်းတွေကို တစ်နေ့တာအတွင်းမှာ ဆောင်ရွက်ရမှာ ဖြစ်ပြီး နောက်တစ်နေ့ ကူးသွားလို့ မရတဲ့အတွက် အချိန်တစ်ခု ယူပြီး လုပ်ဆောင်သင့်ပါတယ်။ သတ်မှတ်အချိန်နာရီဟာ ဘုရားမှာ ကုသိုလ်ပြု လှူဒါန်းရမယ့်အချိန်သာ ဖြစ်ပြီး ကျန်တဲ့ကိစ္စတွေကိုတော့ အားရင်အားသလို လုပ်နိုင်ပါတယ်။


မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေ


ဧက (ဗေဒင်သုတ)