ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး ကြီးမားတယ်လို့ နော်ဝေ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု အင်စတီကျု (FHI) က ဒီနေ့ပဲ သတိပေးချက်ထုတ်ပြန်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေကို ကာကွယ်ဆေးထိုးပေးရာမှာ ဘေးထွက်ဆိုးကျိုး ကြီးမားတယ်လို့ ပြောထားတာပါ။
“ကိုယ်ခံအား တော်တော်လေး နည်းပါးသူတွေအတွက်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အားပျော့တဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကတောင် စိုးရိမ်စရာ အကျိုးဆက်တွေ ဖြစ်လာစေနိုင်ပါတယ်။ သက်တမ်း နည်းနည်းပဲ ကျန်တော့သူတွေ အတွက်လည်း ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးဟာ ရချင်မှ ရနိုင်ပါလိမ့်မယ်”လို့ FHI ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒါကြောင့် အလွန်အမင်း ကိုယ်ခံအားနည်းတဲ့ လူနာတွေနဲ့ သေစေနိုင်လောက်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေကို ကာကွယ်ဆေးထိုး ပေးမယ်ဆိုရင် ကောင်းကျိုးဆိုးပြစ် ဝေဖန်ထောက်ရှုပြီးမှ ထိုးပေးသင့်တယ်လို့လည်း အကြံပေးထား ပါတယ်။
နော်ဝေနိုင်ငံမှာ ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကာကွယ်ဆေးကို စတင်ထိုးပေးနေရာမှာ အသက် ၈၅ နှစ် အထက် သက်ကြီးရွယ်အိုတွေကို ပထမဦးစားပေး ထိုးပေးနေပြီး အသက် ၇၅ နှစ်မှ ၈၅ နှစ်အတွင်းကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီလို ထိုးပေးနေတုန်းမှာပဲ ဘိုးဘွားရိပ်သာက အဘိုးအဘွား ရှစ်ယောက်ထက်မနည်း ကွယ် လွန်သွားချိန်မှာ FHI က အခုလို ထုတ်ပြန်ခဲ့တာပါ။ ဘာကြောင့် သေဆုံးရတာလဲဆိုတာကို နော်ဝေ ကျန်းမာရေး အေဂျင်စီ နဲ့ FHI တို့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
Source: NRK
@One News Myanmar