စစ်ကောင်စီက မန္တလေး သမိုင်းဝင် ဘုရားတွေရဲ့ ရ‌ငွေ သုံးငွေစာရင်းရှင်းတမ်းတောင်း


စစ်ကောင်စီက မန္တလေး သမိုင်းဝင် ဘုရားတွေရဲ့ ရ‌ငွေ သုံးငွေစာရင်းရှင်းတမ်းတောင်း


မန္တလေးခရိုင် မြို့နယ်အတွင်းက ဘုရားတွေရဲ့ ရငွေ၊ သုံးငွေ စာရင်းရှင်းတမ်းကို လစဉ်နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ စီမံအုပ်ချုပ်ရေး အဖွဲ့ကို ပေးပို့ရမယ်လို့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။


“စာရောက်ပါပြီ။ အလှူငွေ စာရင်းပေါ့။ အရင်က ဒီလိုစာထွက်တာမရှိပေမဲ့ ဩဝါဒဆရာတော်တွေထံ ဘုရားက အလှူရငွေကို လစဉ် ရငွေ၊သုံးငွေ စာရင်းအပ်တယ်။ ပြီးရင် မြို့နယ် သံဃာနာယက ပြီးရင် မြို့နယ်အုပ်ချုပ်ရေးကို ပို့တယ်။ကြေညာချက်စာထုတ်တာ ဒါပထမဆုံးပါပဲ။


အလှူခံပုံး မဖွင့်တာတောင် တစ်နှစ်ကြာပြီ။ ဘုရားလူမှ မလာတာ။ မရှိဘူးပေါ့ ” လို့ အမရပူရမြို့နယ်တွင်း ၂၀၁၉ခုနှစ်ထိ နေ့စဉ်ဘုရားဖူး ငါးရာကျော် လာလေ့ရှိတဲ့ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မန္တလေးခရိုင်အတွင်း တည်ထားကိုးကွယ်တဲ့ သမိုင်းဝင် ဘုရားတွေရဲ့ ရငွေသုံးငွေကို မြို့နယ်အလိုက် စုစည်းပြီး ယခုလက စတင်ကာ လစဉ်နောက်ဆုံးအပတ်အတွင်း စာရင်း ၂ စုံ ပေးပို့ရမှာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။


စက်တင်ဘာ ၁၂ရက် နေ့စွဲနဲ့ စစ်ကောင်စီက မြို့နယ်စီမံချုပ်ရေးအဖွဲ့ကနေ မြို့နယ်အလိုက် ဂေါပကအဖွဲ့တွေကို ဘုရားအလှူခံငွေရရှိတဲ့ လစဉ် ငွေစာရင်းရှင်းတမ်းတွေကို စုစည်းပြီး ပြန်လည်တင်ပြသွားဖို့ အကြောင်းကြားချက်လို့ ပေးပို့စာမှာ ဖော်ပြထားပါတယ်။


ဒီလို ဘုရားအလှူငွေက ရရှိစာရင်းတင်ပြဖို့ ပေးပို့စာကို မန္တလေးမြို့က ဘုရားဖူးအလာများတဲ့ ဘုရားတချို့နဲ့ ဂေါပကအဖွဲ့ရှိတဲ့ တချို့ ဘုရားတွေကိုတော့ ပေးပို့စာရောက်မလာသေးဘူးလို့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။


အခုလို မန္တလေးက ဘုရားတွေကို စါရင်းတောင်းတာနဲ့ပတ်သက်လို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ မန္တလေးမြို့က ဆရာတော်တစ်ပါးက ပြောပါတယ်။