စွမ်းရည်သုံးရပ် လုံးဝကင်းမဲ့သွားပြီ ဖြစ်တဲ့ မြန်မာ့တပ်မတော်(ရုပ်သံ)


စွမ်းရည်သုံးရပ် လုံးဝကင်းမဲ့သွားပြီ ဖြစ်တဲ့ မြန်မာ့တပ်မတော်(ရုပ်သံ)


(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)



စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးသည့်နောက် ရန်သူများလာသလို အကျအဆုံး များလာလျက်ရှိရာ ကျဆုံးသူများတွင် အရာရှိ အဆင့်များ ပါဝင်နေသည်ကို တွေ့ရသည်။



တပ်မတော်သည် ခါတိုင်း ရင်ဆိုင်နေကျ တိုင်းရင်းသား လက်နက်ကိုင်များနှင့်သာမက လူသစ်တန်း ပြည်သူ့ ကာကွယ်ရေး People’s Defence Force (PDF) နှင့်ပါ မြို့ပြတွင် ရင်ဆိုင်နေရသည်။



PDF များသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့်စာလျှင် တိုက်ပွဲ အတွေ့အကြုံ အနည်းဆုံး၊ လက်နက်အင်အား အချို့တဲ့ဆုံး ဖြစ်သော်လည်း မန္တလေးတွင် ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်၊ ချင်းပြည်နယ် မင်းတပ်တွင် ဒုဗိုလ်မှူးကြီး ဇော်ဇော်စိုး၊ ရန်ကုန် စမ်းချောင်း ဗားကရာတွင် ဗိုလ်မှူး သန်းကျော်ခိုင်တို့ ပစ်သတ်ပြခဲ့ရသည်။



ထိုကဲ့သို့ လက်တုံ့ပြန်မှုများ ဖြစ်လာစေရန် တပ်မတော်ကလည်း ရက်ရက်စက်စက် လုပ်ပြခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်ပြသည်၊ ဖမ်းဆီးခံရသူများကို လူမြင်ကွင်းတွင် ရက်ရက်စက်စက် ရိုက်နှက်ပြသည်၊ ပစ်ခတ်သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများကို လူ့ဂုဏ်သိက္ခာ မဲ့အောင် ပြုလုပ် ပြသည်။ “သေရဲတဲ့ ကောင်ထွက်” ဆိုသည့် မကြားဝံ့ မနာသာ ဆဲဆိုစော်ကားပြသည့် အပြုအမူများက ပြည်သူများကို မခံချင်စိတ်အဖြစ် ပြောင်းလဲပေးလိုက်ပြီး ရဟန်းရှင်လူ လူကြီးလူငယ်၊ အမျိုးသမီးပါမကျန် ပါဝင်သည့် ပြည်သူ့ ကာကွယ်ရေး PDF များအဖြစ် ပေါ်လာခြင်းဖြစ်သည်။



ယခင်တိုက်ပွဲများ မရှိခဲ့ဘဲ အေးချမ်းနေသည့် ချင်းပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပေါ်လာရုံမက ကလေး၊ ယော၊ ဆော၊ ဂန့်ဂေါ စသည့် တောနယ်များနှင့် အညာသားများ နေထိုင်ရာ အထက်မြန်မာပြည်သည် စစ်တပ်အတွက် စစ်မျက်နှာသစ်များ ဖြစ်လာတော့သည်။



ရန်လိုလျှင် ရန်ပြိုသည် ဆိုသည့် စကားပုံအတိုင်း စစ်တပ်သည် တနိုင်လုံး အတိုင်းအတာဖြင့် ရန်ပြိုအောင် လုပ်ခဲ့လေပြီ။


တိုင်းရင်းသား ဒေသတွင်သာ ရှိခဲ့သည့် နယ်စပ်ဒေသ ပြည်တွင်းစစ်သည် ယခုအခါ မြို့ပြစစ်ပွဲ အသွင်ဖြင့် ကူးစက်ခဲ့၏။



စီးပွားရေးပိုင်းတွင် ကြည့်ပါကလည်း မြေအောက် ရထားလမ်းဖောက်မည်၊ မြစ်ကူးတံတား ဆောက်မည်၊ ငှက်ပျောစိုက်မည် စသည့် လေထဲတိုက်အိမ် ဆောက်သည့် မစားရဝခမန်း လက်တွေ့ မကျသည့် စကားများကို ဆိုနေသော်လည်း စစ်ကောင်စီ အာဏာယူခဲ့သည့် ၇ လတာအတွင်း အမေရိကန်ဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ၂၀၀၀ ကျပ်အထိ တန်ဖိုးထိုးကျသွားသည်။



အုပ်ချုပ်ရေးပိုင်းတွင်လည်း ဝန်ကြီးဌာန ယန္တရားများ ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိသလို အောက်ခြေအဆင့် ရပ်ကျေး အုပ်ချုပ်ရေးမှာပင် ခိုင်မာအောင် အခြေမချနိုင်သေးပေ။ ဘဏ်ဓားပြတိုက်မှုများကလည်း ပိုမို အတင့်ရဲကာ ခပ်စိတ်စိတ်ပင် ဖြစ်လာနေသည်။



ပြည်တွင်း၌ စစ်တပ်က ဘယ်ကဏ္ဍကိုမှ ရေရေရာရာ မထိန်းချုပ်နိုင်သေးသလို ပြည်သူအများစု အမုန်းတရားများ၊ အယုံအကြည် မရှိမှုများကိုသာ ရရှိပြီး အလဲလဲအပြိုပြို ဖြစ်နေသည်မှာက ထင်ရှားလာကာ နိုင်ငံတကာ မျက်နှာစာ တွင်လည်း အောင်မြင်မှု မရ၊ ကုလသမဂ္ဂ ကိုယ်စားလှယ် ထိုင်ခုံနေရာအတွက် စစ်ကောင်စီကိုယ်စားလှယ်က ပယ်ချခံရသည်။



ထိုအခြေအနေနှင့် ပတ်သက်ပြီး တပ်မတော် တရပ်သည် စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည် စွမ်းရည် သုံးရပ်နှင့် ပြည့်စုံရမည်ဆိုသော ဆောင်ပုဒ်နှင့် ချိန်ထိုး နှိုင်းယှဉ်ပါက လက်တွေ့တွင် မည်မျှ ကွာခြားနေကြောင်း သိနိုင်ပေသည်။



အဆိုးဆုံးမှာ စည်းရုံးရေး စွမ်းရည် ကင်းမဲ့ခြင်းပင်ဖြစ်ပြီး၊ ယခင်က တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တိုက်ဟုဆိုကြ သော်လည်း ယခုအခါ တိုက်ရင်း လုယက်၊ လုယက်ရင်း တိုက်ဟု ဆိုသကဲ့သို့ ဖြစ်နေသည်။



လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမည့်အစား ဖျက်ဆီး မီးရှို့နေရာ ချင်းပြည်နယ်တွင် နေအိမ်များအပေါ် လေကြောင်းမှ ဗုံးကြဲသဖြင့် လူပေါင်းများစွာ အိန္ဒိယဘက် တိမ်းရှောင်ရသလို ယခင်က အေးချမ်းခဲ့သည့် စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် လူပေါင်း ၂ သောင်းခန့် စစ်ပြေးနေရပြီ ဖြစ်သည်။



တိုင်းရင်းသား ဒေသများတွင် စည်းရုံးနိုင်ဖို့ မပြောနှင့် မြန်မာအများစု နေထိုင်သည့် ဒေသများ၌ပင် စစ်တပ်မြင်ပါက ထွက်ပြေးနေရပြီး၊ တိုက်ခိုက်ခြင်းထက် လုယက်ဖျက်ဆီးခြင်းက ပိုကဲနေသဖြင့် စစ်တပ် တတပ်နှင့် မတူဘဲ၊ စိတ်ဓာတ် ပျက်ပြားနေသည့် လူအုပ်စုတစုက ဖျက်ဆီး ရမ်းကားနေသကဲ့ပင် ဖြစ်နေသည်။



“စစ်တပ်တတပ်သည် စည်းပျက်ကမ်းပျက် ဖြစ်လာလျှင် တပ်သားများ ညံ့၍ မဟုတ်၊ အရာရှိများတွင် ချို့ယွင်းချက်ရှိ၍ သာ ဖြစ်ရမည်၊ တိုင်းပြည်အတွက် စည်းကမ်း မရှိတဲ့ စစ်တပ်မျိုး ထားမယ့်အစား လုံးလုံး စစ်တပ်မထားခြင်းက လူထု အတွက် သက်သာပေမည်” ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက စစ်ဘက်ဥပဒေ စစ်စည်းကမ်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ဖူးသည်။



တချိန်က ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဟု တင်စားကြသည့် တပ်မတော်ကို ယခုအခါ လူတစုမှ လွဲ၍ မည်သူမျှ ဆေး ဖော်ကြောဖက် မလုပ်ချင်ကြတော့၊ တဖက်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF အဖွဲ့များတွင်မူ အားပေးသူ အပြည့် ပြည်သူ၏ စိတ်နှလုံးကို သိမ်းကျုံးယူနေသည်ကို တွေ့ရသည်။



ကိုယ့်အရိပ်ကို ကိုယ်ပင် ရန်သူဟု ထင်နေရသည့် ဘဝတွင် တပ်မတော်သည် ရေငုပ်သင်္ဘောကြီးများ စစ်သင်္ဘောကြီး များ၊ တိုက်လေယာဉ်များ မည်မျှပင် ရှိနေပါစေ ပြည်သူ၏ ထောက်ခံမှု မရပါက ဘာမှ ဖြစ်လာမည် မဟုတ်ဟု ဆိုချင်သည်။



ထိုသို့သော အခြေအနေများကို ကြည့်လျှင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တပ်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည် ဆိုသည့် စွမ်းရည်သုံးရပ်လည်း မဲ့ခဲ့ရပြီဟု သုံးသပ်နိုင်ပေသည်။