ရော်နယ်ဒိုထက် ဂိုးသွင်းကောင်းတဲ့ လူကာကူကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ချဲလ်ဆီး ရေပန်းစားနေ


ရော်နယ်ဒိုထက် ဂိုးသွင်းကောင်းတဲ့ လူကာကူကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ချဲလ်ဆီး ရေပန်းစားနေ

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ညက အက်စတန်ဗီလာအသင်းကို ၃ ဂိုးပြတ်သွင်းယူပြီး နိုင်ပွဲရယူခဲ့ရာမှာ တိုက်စစ်မှူး ရိုမီလူ လူကာကူးက တကိုယ်တော် ၂ ဂိုးသွင်းယူခဲ့သလို တစ်ဖက်မှာလည်း အီတလီကနေပဲ ပရီးမီးယားလိဂ်မှာ တကျော့ပြန်နားခိုခဲ့တဲ့ မန်ယူနိုက်တက်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း အိုးထရက်ဖို့ဒ်ပွဲဦးထွက်မှာပဲ နယူးကာဆယ်အသင်းကို ၂ ဂိုးသွင်းယူသွားခဲ့တာပါ။ ကွာခြားချက်ကို ကြည့်မယ်ဆိုရင်တော့ ဂိုးရနိုင်ခြေကို တွက်ချက်ထားတဲ့ xG (Expected Goal)ဆိုတဲ့ အချက်အလက်မက်ထရစ်အရ နည်းပြ သောမတ်စ် တူဟယ်လ်ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်က ဘယ်အသင်းထက်မဆို အသာစီးရယူထားတဲ့အသင်းက ချဲလ်ဆီးအသင်းဖြစ်နေသလို လူကာကူးကို ပိုင်ဆိုင်ပြီးနောက်ပိုင်း ပိုမိုကြောက်မယ်ဖွယ်ရာကောင်းလာခဲ့ပြီလို့ သုံးသပ်ခံထားရပါပြီ။

အကြောင်းရင်းကတော့ အသင်းတသင်းက ကွင်းရဲ့ သတ်မှတ်နေရာတခုကနေ ကန်သွင်းပြီး အပိုင်နိုင်ဆုံး ဂိုးရနိုင်ခြေဆိုတဲ့ xG သီအိုရီမှာတော့ လူကာကူးက ပေါ်တူဂီသားကြီး CR7 ထက် သာလွန်သွားခဲ့တာဖြစ်ပြီး ၂ ကြိမ် ကန်သွင်းပြီး ၂ ဂိုးရတဲ့သူက ဘယ်လ်ဂျီယမ်သားဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုကတော့ ၆ ကြိမ် ​​ကန်သွင်းကြိုးစားပြီးမှ ၂ ဂိုးရခဲ့တာပါ။ လူကာကူးရဲ့ xG က ၀.၅၃ အဖြစ် တွက်ချက်ခံထားရပြီး ရော်နယ်လ်ဒိုရဲ့ xG ကတော့ ၁.၄၂ ဖြစ်တယ်လို့ သိရသလို ကန်သွင်းချက်အနည်းဆုံးနဲ့ အသေချာဆုံး ဂိုးရနိုင်ခြေအများဆုံးအနေအထားကိုတော့ အသက် ၂၈ နှစ်သားက အသက် ၃၆ နှစ်သားကို ကျောနိုင်ခဲ့တယ်လို့ ဆိုနိုင်သလို ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားရဖို့ ယူနိုက်တက်ထက် အလားအလာကောင်းပိုရှိသွားခဲ့ပြီလို့ စိတ်ချခံလာရတာပါ။

“ဒါဟာ သိပ်ကိုအန္တရာယ်များတဲ့ပွဲပါ။ နိုင်ငံတကာပွဲပန်းမှုတွေရှိနေတာ့ ကိုယ့်အသင်းက ပြီးပြည့်စုံနေတယ်လို့ မယူဆမိပါဘူး။ ဗီလာအသင်းလို ခက်ခဲမာကျောတဲ့ ပြိုင်ဘက်ကောင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ပထမပိုင်းမှာ ရခဲ့တဲ့ဂိုးကြောင့် ကျွန်တော်တို့ ယုံကြည်မှုပိုင်းအရ အသာစီးရတော့မယ်လို့ မျှော်လင့်မိခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ပွဲကိုမစီးနိုင်ခဲ့လို့ အခုလို ဂိုးပြတ်ပိုသွင်းဖို့ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးပြည်စုံတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုက်စစ်မှူးအတွက်လည်း သိပ်လှပတဲ့ ညနေခင်းတခုပါ”လို့ တူဟယ်လ်က ဗီလာနဲ့ပွဲအပြီးမှာ နိုင်ပွဲကို ဂိုးသေသေသပ်သပ်သွင်းပြီး ယူဆောင်ပေးခဲ့တဲ့ လူကာကူးကို ဦးတည်ပြီး ချီးကျုးလောက်စရာအဖြစ် ညွှန်ပြခဲ့တာပါ။

လမ်းပတ်ရှိစဥ်က ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မြေမှာ ၁ ဂိုးစီသရေကျခဲ့ပြီး နောက်တကျော့ ဗီလာအိမ်ကွင်းမှာတော့ ၂-၁ နဲ့ အရေးနိမ့်ခဲ့ဖူးပြီး အဆိုပါ ၂ ပွဲမှာလည်း xG အရ အပြာရောင်တို့ကသာ အသာစီးရယူခဲ့ပြီး ဒီလို xG သတ်မှတ်ချက်နဲ့ မက်ထရစ်တိုင်းတာမှုဟာ ရှုပ်ထွေးတဲ့ ကစားပွဲတပွဲကို ခြုံငုံပြီး အသင်းတသင်းကို ချန်ပီယံဖြစ်စေဖို့အထိ သုံးသပ်ဖို့ မလုံလောက်သေးကြောင်း၊ မပြီးပြည့်စုံသေးကြောင်း ငြင်းခုံမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် လူကာကူးကြောင့် ဂိုးလိုတဲ့အချိန်တိုင်း လိုတိုင်းတ တတိုင်းရသွားမယ်လို့ ယူဆနေကြသလို ခန့်မှန်းချက်တွေအရတော့ ၆ ချက်ကန်ပြီးမှ ၂ ဂိုးရတဲ့ ရော်နယ်လ်ဒိုထက် ၂ ချက်ကန်သွင်းပြီး ၂ ဂိုးရတဲ့ လူကာကူကြောင့် ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က မန်ချက်စတာယူနိုက်တက်ထက် နှာတဖျားသာပြီး ပိုနီးစပ်နိုင်ခြေလည်းရှိနေပါတယ်။ နိုင်ငံအသင်း ဘယ်လ်ဂျီယမ်မှာပါ ဆက်တိုက်ခြေစွမ်းပြနေပြီး အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ဘွဲ့ကိုလည်း ရယူထားပြီးဖြစ်တဲ့ လူကာကူးအနေနဲ့ သူ့ရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး ပြီးပြည့်စုံတဲ့ ကစားဟန်နဲ့ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်ရှိလာချိန်မှာ ဒီရာသီအတွက် ဂိုးသွင်းဘုရင်ဆု ရနိုင်သူတစ်ဦးအဖြစ်လည်း တစ်ပေးခံထားရပြီး ပြိုင်ဘက် မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကို နောက်ကောက်ချသွားနိုင်မလားဆိုတာကတော့ ရင်ခုန်စရာလည်း ဖြစ်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။