CDM လုပ်သည့် ဆရာဝန်နှင့် ကျန်းမာရး ဝန်ထမ်းများလည်း နေအိမ်လိုင်းခန်းမှ ဖယ်ပေးနေရ….!


CDM လုပ်သည့် ဆရာဝန်နှင့် ကျန်းမာရး ဝန်ထမ်းများလည်း နေအိမ်လိုင်းခန်းမှ ဖယ်ပေးနေရ….!

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး (MGH)ရှိ CDM လုပ်သည့် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများလည်း


မီးရထားဝန်ထမ်းများကဲ့သို့ပင် ဝန်ထမ်းနေအိမ်လိုင်းခန်းများမှ ဖယ်ရှားပြောင်းရွှေ့ပေးနေရကြောင်း ကာယကံရှင်များက ပြောသည်။




မန္တလေးဆေးရုံကြီးရှိ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ပြုလုပ်သည့် ဆရာဝန်နှင့် အခြားအဆင့် ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း (၂၀၀)ခန့်ကို


အလုပ်ပြန်ဝင်ရန်နှင့် အလုပ်ပြန်မဝင်လျှင် နေအိမ်လိုင်းခန်းများမှ ဖယ်ရှားပေးရန် မတ်(၁၉)ရက်တွင် စစ်ကားများဖြင့် စာလာကပ်သွားသည်ဟု ဆိုသည်။




အဆိုပါ စာကပ်ပြီးနောက် CDM လုပ်ဆောင်နေသည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် အလုပ်ခွင် ပြန်ဝင်နိုင်ခြင်းမရှိသဖြင့်


ဝန်ထမ်းလိုင်းခန်းများမှ ပြောင်းရွှေ့နေပြီး အချို့ကလည်း မပြောင်းရွှေ့သေးကြောင်း


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉လမ်းပေါ်ရှိ မန္တလေးဆေးရုံကြီး(MGH) ဝန်ထမ်းနေအိမ် လိုင်းခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။




” ဝန်ထမ်းရဲ့ ရပိုင်ခွင့်ထဲမှာ နေအိမ်လိုင်းခန်းဆိုတာ ပါတယ်။ ကျွန်တော်တို့က အလုပ်က နုတ်ထွက်တာမဟုတ်ဘူး။


ဒါကြောင့် ဖယ်ရှားပေးမှာမဟုတ်သလို ဒီစာကိုလည်း အသိအမှတ်မပြုဘူး ” ဟု CDM ပြုလုပ်နေသည့် မန္တလေးဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြောဆိုသည်။


ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခြင်း စသည်တို့မှသာလျှင် နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။




ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါရှိဘဲ စစ်သား၊


ရဲနှင့် ထွေအုပ်ဝန်ထမ်းများက မတ်(၁၉)ရက်တွင် လာကပ်သွားသည့် အဆိုပါစာတွင် ဝန်ထမ်းများ မတ်(၂၄)ရက်တွင် အလုပ်ပြန်ဝင်ရန်၊


အလုပ်ပြန်မဝင်လျှင် ဝန်ထမ်းလိုင်းခန်း နေအိမ်များမှ ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက


အင်အားသုံး ရှင်းလင်းမည်ဟု ပါရှိကြောင်း ဝန်ထမ်းများက ပြောသည်။




” စာမှာ အသိပေးကြေညာချက်လို့ ရေးထားပေမယ့် အောက်မှာ ပုံ ဘယ်သူဘယ်ဝါဆိုတာ မပါဘူး။ ဘယ်သူက ထုတ်တဲ့စာမှန်းလည်း မသိရဘူး။


ဆေးရုံအုပ်ကြီးကို ဒါနဲ့ ပတ်သက်ပြီး သွားမေးကြတော့ ဒီစာကပ်တာ သူမသိပါဘူးတဲ့၊


ဒါပေမယ့် အင်အားသုံးဖယ်ရှားရင်တော့ သူတာဝန်မယူနိုင်ပါဘူးဆိုပြီးတော့ ပြန်ပြောတယ် ” ဟု လိုင်းခန်းတွင် နေထိုင်နေသူတစ်ဦးက ပြောသည်။


မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများသည် CDM လှုပ်ရှားမှုကို တစ်နိုင်ငံလုံးတွင် အစောဆုံး ပြုလုပ်ကြသူများဖြစ်သလို


စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြရာတွင်လည်း မန္တလေး ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းသည်


လူဦးရေထောင်ချီပါဝင်ကာ မန္တလေးမြို့၏ အင်အားအကြီးဆုံး သပိတ်စစ်ကြောင်းတစ်ခု ဖြစ်သည်။


လက်ရှိတွင် မန္တလေးမြို့ရှိ CDM ပြုလုပ်သော မြန်မာ့မီးရထားဝန်ထမ်းများကိုလည်း အလုပ်ခွင် ပြန်မဝင်လျှင် ဝန်ထမ်းလိုင်းခန်းမှ


ဖယ်ပေးရန်နှင့် မဖယ်ပေးလျှင် အင်အားသုံး ဖယ်ရှားမည်ဟု စစ်ကားများဖြင့် စာလာကပ်သွားသဖြင့်


မြန်မာ့မီးရထား ဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းများမှ နီးစပ်ရာ နေအိမ်နှင့် ဘုန်းကြီးကေဖာင်းများသို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။


မန္တလေးဆေးရုံကြီး ဝန်ထမ်းနေအိမ်လိုင်းခန်းမှ ပြောင်းရွှေ့နေကြသူအချို့ကို ယနေ့ တွေ့ရစဉ်


/photo- MID News