အာဏာသိမ်း စစ်ကောင်စီဖိတ်ကြားသော်လည်း တပ်မတော်နေ့ အခမ်းအနားသို့ PNLO မတက်…!
အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်မတော်နေ့ အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားပြီး
အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်
၂၀၁၇ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် NCA နှစ်နှစ်ပြည့်အထိန်းအမှတ် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်ကို
လက်ဆွဲနှုတ်ဆက်နေသည့် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ။
အာဏာသိမ်းစစ်ကောင်စီက ဖိတ်ကြားသည့် တပ်မတော်နေ့ အခမ်းအနားသို့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO)
တက်ရောက်မည် မဟုတ်ကြောင်း PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“မတ်လ ၂၇ တပ်မတော်နေ့ ဖိတ်စာတွေဘာတွေလာတယ်။
အဖွဲ့ အစည်းတွေ ကိုယ်ပိုင်ဆုံးဖြတ်ကြပါလို့ ပြောတယ်။
ကိုယ့်အဖွဲ့နဲ့ကိုယ် အခြေအနေအရပေါ့ဗျာ။
ကျွန်တော်တို့ PNLO ကတော့ မသွားဖြစ်ဖူးလို့ ကြားတယ်။
အခြေအနေ ရှုပ်ထွေးနေတယ် ကျွန်တော်တို့ လူတွေပြန့်ကျဲနေတယ်? ကိုယ်စားလှယ်မသွားဖြစ်ဘူးလို့ ပြောသံကြားတယ်။
တခြားအဖွဲ့တွေတော့ မသိသေးဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်မတော်နေ့ အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများအား ပစ်ခတ်သတ်ဖြတ်နေမှု ရပ်တန့်စေရေး စစ်ကောင်စီနှင့်
စကားပြောရန် တိုင်းရင်းသားခေါင်းဆောင်အချို့က စဉ်းစားလျက်ရှိသည်။
စစ်ကောင်စီနှင့် စကားပြောဆိုရန် ကရင်လက်နက်ကိုင် KNU ခေါင်းဆောင်ကို ဦးဆောင်သွားရောက်ရန် တိုက်တွန်းထားသော်လည်း
KNU ဘက်ကအကြောင်း မပြန်သေးဟု အခြားတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။
ထိုအခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရန် KNU တာဝန်ရှိသူအချို့ထံ ဆက်သွယ်ရာ အဆက်အသွယ် မရပေ။
သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ လတ်တလောတွင် KNU ဗဟိုကော်မတီအစည်းအဝေး ကျင်းပလျက်ရှိပြီး
မတ်လ ၂၂ ရက် ဝန်းကျင်တွင် ဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်သည်ဟု သိရသည်။
NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနေဖြင့် စစ်အာဏာသိမ်းမှုကို
ဆန့်ကျင်ကန့်ကွက်ထားပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးမှုကို
ရပ်ဆိုင်းထားမည်ဟု သဘောထားထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုနှင့် KIA၊ KNU တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၈ ရက် နံနက် အစေားပိုင်းကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၉ မိုင်အနီး ဘောနက်ကြီး
အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
“ရှော့တိုက် ၇ လုံးပစ်တာ ၂လုံးမကွဲဘူးလို့ ကြားတယ်။
အမြန်းလမ်း၃၉ မိုင်ကနေ ဘောနက်ကြီးရွာဘက်ကို သွားတဲ့ဘက်မှာ။
အဲဒီမှာ ၄၀၅ တပ်ကိုလှမ်းပစ်တာ။
ဘောနက်ကြီး ၃၉ မိုင်လေ အမြန်လမ်းပေါ်တက်တဲ့နေရာ အကျော်လေးတင် သွားပြီးပစ်တဲ့နေရာက။
အထိအခိုက်တော့ရှိတယ်။
ဒါပေမဲ့ အရေအတွက်ကို မသိရတာ။
ဘာလို့လဲဆို ဆေးကုသမှုခံယူဖို့ သူတို့ ပဲခူးကိုမခေါ်ဘူး။
ပဲခူးကိုခေါ်ရင် ကျွန်တော်တို့ သိမှာ။
သူတို့ စစ်ဆေးရုံပဲ သွားမှာပေါ့” ဟု အဆိုပါ ပဲခူးမြို့ခံက ပြောသည်။
အဆိုပါတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာထောက်ခံမှုရရန် ကြိုးပမ်းလျက်ရှိသော်လည်း အာဏာသိမ်းပြီး တစ်လခွဲကျော်ကြာသည်အထိ
မည်သည့်နိုင်ငံကမျှ တရားဝင်အသိအမှတ်ပြုခြင်း မရှိသည့်အပြင် ကုလသမဂ္ဂနှင့် အနောက်အင်အာကြီးနိုင်ငံများက
အရေးယူပိတ်ပင်မှုများ ချမှတ်ခဲ့သည့်နည်းတူ အကြမ်းဖက်သတ်ဖြတ်မှု ရပ်တန့်ရန် ဆက်တိုက်ဖိအားပေးလျက်ရှိသည်။
Credeit-မူရင်း