ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေး အဆင့်သို့ရောက်သွားခဲ့သူ


ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေး အဆင့်သို့ရောက်သွားခဲ့သူ

လီဗာပူးညာအစွန်လူ ထရန့်ဟာ ကမ္ဘာအကောင်းဆုံး အစွန်လူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေး အစွန်လူအဆင့်ကို လျော့ကျခဲ့ပါပြီဆိုတာကတော့ ဒေးလီးမေလ်းက ဖော်ပြခဲ့တဲ့ သတင်းခေါင်းစီးဖြစ်ပါတယ်။ လီဗာပူးမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ထရန့်ဟာ အင်္ဂလန်မှာတော့ ပုံမှန်ပွဲကစားခွင့် မရဘူးဖြစ်နေပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ထူးထူးချွန်ချွန် ကစားပြနိုင်ခြင်းလည်း မရှိဘဲ လက်ရွေးစင် ပရိသတ်တွေထံက မရှိမဖြစ် ကစားသမားအဖြစ် ချီးကျူးအားပေးခြင်းလည်း မရထားပါဘူး။

ဒီအခြေအနေကို နားလည်ထားတဲ့ ထရန့်ကတော့ အခွင့်အရေး ရလာမယ်ဆိုရင် အင်္ဂလန်အတွက် အကောင်းဆုံး စွမ်းဆောင်ပြလိုကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ ထရန့်က ” နေရှင်းလိဂ် တတိယနေရာလုပွဲအတွက် ခြေစစ်ပွဲဖြစ်တဲ့ ဆွစ်ဇလန်နဲ့ပွဲမှာ ကျနော် ကစားတာ သိပ်ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အဲ့နောက်ပိုင်းမှာ အင်္ဂလန်အတွက် ကျနော် ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပါဘူး။ အဲ့တာကလွဲရင် အင်္ဂလန်အတွက် ကျနော်ရဲ့ စွမ်းဆောင်ရည်က သာမာန်ပါပဲ။ ဒါက ကျနော် တိုးတက်လာဖို့ လိုတာပါ။ ပွဲအနည်းငယ်မှာ အခွင့်အရေးတွေ နည်းနည်းပဲရပါတယ်။ အင်္ဂလန်မှာက နေရာအတွက် ပြိုင်ဆိုင်ရမှု ပိုပြီး ပြင်းထန်ပါတယ်။ ကလပ်မှာတော့ ကျနော်က ပုံမှန်ပွဲကစားခွင့်တွေ ရထားပါတယ်။ နေ့တိုင်းမှာ ကိုယ်တိုင် တောင်းဆိုနေတဲ့ အဆင့်အတန်းအတိုင်း အင်္ဂလန်မှာ လုပ်ပြနိုင်ခြင်း မရှိပါဘူး။ အဲ့ခြေစွမ်းကို မရောက်ဘူးဖြစ်နေပါတယ်။



အဲ့လိုပြောရတာက ခက်ခဲပါတယ်။ အင်္ဂလန်မှာက ခြားနားတဲ့ နည်းစနစ်နဲ့ ကစားနေသလို အသင်းဖော်တွေကလည်း မတူပါဘူး။ ဒါက ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တိုင်း တူညီတဲ့ ကစားသမားတွေနဲ့ ကစားနေရတာ မဟုတ်တော့ ကျနော်ရဲ့ ပုံစံကောင်းတွေ ရှာဖွေဖို့က ခက်ခဲပါတယ်။ လူတိုင်းလည်း ခက်ခဲမှာပါပဲ။ အင်္ဂလန်ကို လာရောက်ပူးပေါင်းကတည်းက ကျနော်ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မပြသနိုင်ပါဘူး။ ကလပ်မှာ ပုံမှန် ပြသနေကျ ခြေစွမ်းတွေကို မပြသနိုင်ပါဘူး။ အင်္ဂလန်အတွက် အများကြီး လုပ်ပြဖို့ ကျနော်လည်း မျှော်လင့်ထားပါတယ်။

ဒီအခွင့်အရေး ရလာဖို့နဲ့ အခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အင်္ဂလန်နဲ့ ဆုဖလားတွေ အနိုင်ရလိုတယ်၊ ပုံမှန်ပွဲကစားခွင့် ရလိုတယ်။ အသင်းကို ဦးဆောင်လိုပါတယ်။ အဲ့တာက ကျနော်အတွက်တော့ အောင်မြင်မှု ဖြစ်လာမှာပါ။ ကျနော် ကိုယ်ကစားရမယ့် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။