အဝင် ၄ ဦး၊ အထွက် ၂၆ ဦးနဲ့ ဆုဖလားစိန်ခေါ်မယ့်လူစာရင်း တည်ဆောက်နိုင်ခဲ့တဲ့ ယူနိုက်တက်


အဝင် ၄ ဦး၊ အထွက် ၂၆ ဦးနဲ့ ဆုဖလားစိန်ခေါ်မယ့်လူစာရင်း တည်ဆောက်နိုင်ခဲ့တဲ့ ယူနိုက်တက်

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အကောင်းဆုံး ခေါ်ယူမှုတွေ လုပ်နိုင်တဲ့ ကလပ်အသင်းက မန်ချက်စတာကလပ် ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အောင်နိုင်သူတွေလို့ မှတ်ယူခံရတဲ့ ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းနဲ့ ဂျူဗင်တပ်မှ စီရော်နယ်ဒိုလို ကမ္ဘာအဆင့် ကစားသမားတွေကို အင်အားဖြည့်နိုင်ခဲ့တယ်။ ဥရောပရဲ့ အတောက်ပဆုံး လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ဆန်ချိုအပြင် ဂိုးသမားနေရာအတွက် တွမ်ဟက်တန်ကို ပြန်ခေါ်ခဲ့ပါတယ်။

စီရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းက ယူနိုက်တက်အတွက် စိတ်ဓါတ်ပိုင်းမှာ အတော်လေး အကျိုးဖြစ်လာဖို့ ရှိနေပါတယ်။ အောင်နိုင်လိုစိတ်ကြီးပြီး အဓိက ဆုဖလားတွေကို အနိုင်ရဖို့ ဆာလောင်တဲ့ စီရော်နယ်ဒိုနဲ့ ကွင်းလယ်လူ ဘရူနိုတို့ရဲ့ မောင်းနှင်အားဟာ ယူနိုက်တက်ကို ချန်ပီယံစိန်ခေါ်မယ့် လူစာရင်းအဖြစ် စောင့်ကြည့်မှုတွေ ရလာစေမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နွေအသုံးစရိတ်က ပေါင် ၁၃၃.၇ သန်းဖြစ်ပြီး စီနီယာလူစာရင်းထဲက ဒန်နီရယ်ဂျိမ်းစ် တစ်ဦးတည်းကိုပဲ ပေါင် ၂၅ သန်း ဝန်းကျင်ဖြင့် ပြန်လည် ရောင်းထုတ်ခဲ့တယ်။ လင်ဂတ် အပါအဝင် အဓိက လူစာရင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာကြောင့် မန်ချက်စတာကလပ်ရဲ့ လူအင်အားဟာ အတော်လေး တောင့်တင်းမှုရှိနေခဲ့ပြီဖြစ်ပါတယ်။



ယူနိုက်တက်ရဲ့ ကစားသမားသစ် ခေါ်ယူမှု (၄) ခု: ဒေါ့မွန်မှ ဆန်ချို – ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်း၊ ရီးရဲလ်မက်ဒရစ်မှ ဗာရိန်း – ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း၊ ဂျူဗင်တပ်မှ စီရော်နယ်ဒို – ပြောင်းရွှေ့ကြေး ပေါင် ၁၉.၈ သန်း၊ ဘန်လေမှ တွမ်ဟက်တန် – အလွတ်

ယူနိုက်တက်ဟာ ညာအစွန်နဲ့ ကွင်းလယ်အဖျက်ပိုင်းကလွဲရင် ကျန်နေရာအားလုံးမှာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်နေခဲ့ပါပြီ။ ဘစ်ဆာကာနေရာ အရန်လူတစ်ဦး ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့သလို လင်ဂတ်ကိုလည်း ထွက်ခွင့်မပေးဘဲ ဆက်ထိန်းသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မာရှယ်နဲ့ ကာဗာနီတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကလည်း မဖြစ်မြောက်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ တွမ်ဇီဘီ၊ တာဟစ်ချောင်၊ ပါရဲရာ၊ ဘရန်ဒန် ဝီလီယမ် အပါအဝင် အသင်းသား (၁၅) ဦးထိကို အငှားချခဲ့တယ်။ ဂိုးသမား ရိုမဲရိုး အပါအဝင် အသင်းသား (၁၀) ဦးကို အသင်းက ထွက်ခွာခွင့်တွေ ပေးခဲ့တာဖြစ်ပါတယ်။