ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့ချုပ် ကောက်ချက်ချ


ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့ချုပ် ကောက်ချက်ချ

ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ခြင်းမဟုတ်ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့ချုပ် (IC) တွင် ကျယ်ပြန့်သည့် သဘောတူညီမှုရရှိခဲ့ပြီး အမေရိကန်အေဂျင်စီအများစုက ယင်းဗိုင်းရပ်စ်သည် မျိုးဗီဇအရ တီထွင်ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဆိုသည့် အချက်အပေါ် ယုံကြည်မှုနည်းပါးကြောင်း အကဲဖြတ်ခဲ့ကြသည်ဟု ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် လျှို့ဝှက်အဆင့်မဟုတ်သည့် အကျဉ်းချုပ်ဖော်ပြချက်တစ်ခုတွင် ဖော်ပြခဲ့သည်။


သို့သော်လည်း IC သည် ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်အပေါ် သဘောထားကွဲလွဲနေဆဲဖြစ်ပြီး အေဂျင်စီလေးခုနှင့် အမျိုးသားထောက်လှမ်းရေးကောင်စီတို့က ယင်းဗိုင်းရပ်စ်သည် တိရစ္ဆာန်တစ်ကောင်ကို ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်သည့်ယူဆချက်သည် ဖြစ်နိုင်ခြေရှိသည့် ရှင်းလင်းချက်တစ်ခုဟု ကောက်ချက်ချခဲ့ပြီး အေဂျင်စီတစ်ခုကမူ ယင်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှယိုစိမ့်ခဲ့သည့်သီအိုရီကို လက်ခံခဲ့ကာ အခြားအေဂျင်စီသုံးခုကမူ ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကောက်ချက်ချနိုင်ခြင်းမရှိခဲ့ပေ။


တရုတ်အရာရှိများသည် COVID-19 ကပ်ရောဂါဖြစ်ပွားသည့် အစောပိုင်းအချိန်များမတိုင်မီ ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကြိုတင်သိရှိခဲ့သည်ဆိုသည့်အချက်ကို အမေရိကန်က ယုံကြည်ခြင်းမရှိခဲ့ပေ။


ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရေးကို တရုတ်နိုင်ငံက ဆက်လက်ဟန့်တားနေပြီး ကပ်ရောဂါဆိုင်ရာ အချက်အလက်များ မျှဝေခြင်းမရှိဘဲ အမေရိကန်အပါအဝင် အခြားနိုင်ငံများကို ဝေဖန်ပြစ်တင်နေသည်ဟု အမေရိကန်အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက သြဂုတ်လ ၂၇ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။


ထို့ပြင် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို ကောက်ချက်ချရန် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်လိမ့်မည်ဟုလည်း ယင်းအစီရင်ခံစာတွင်ဖော်ပြခဲ့သည်။


ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်သည် ကမ္ဘာတစ်ဝန်းတွင် ပြည်သူ့ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသည့် စိုးရိမ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အမေရိကန်တွင်မူ ရှေးရိုးစွဲဝါဒီများက ယင်းဗိုင်းရပ်စ်ကို တရုတ်သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်းတွင် တီထွင်ခဲ့ခြင်းဖြစ်ပြီး ပြင်ပသို့ယိုစိမ့်စေခဲ့သည်ဟု စွပ်စွဲခဲ့သည်။


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က နိုင်ငံခြားရေးဌာနမှ အရာရှိများသည် ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ၏ ဝူဟန်မြို့တွင်တည်ရှိသည့် ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနအပေါ် အဓိကထားပြီး သုတေသနပြုလုပ်ခဲ့သည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။


သိပ္ပံနည်းကျလက်ခံခဲ့သည့် အများသဘောဆန္ဒများအရ ယင်းဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ကူးစက်ခဲ့ခြင်းမှာ ဖြစ်နိုင်ခြေအရှိဆုံးဟု ဖော်ပြခဲ့သည်။


ယင်းသို့ ကူးစက်မှုများမှာ သဘာဝအရ ဖြစ်နိုင်ပြီး လင်းနို့များမှ လူသားများထံသို့ ကူးစက်ခဲ့သည့် SARS1 နှင့် MERS ကဲ့့သို့ ကိုရိုနာဗိုင်းရပ်စ်နှစ်မျိုးထက် မနည်းရှိနေသည်ဟု ဆိုသည်။


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစီရင်ခံစာထုတ်ပြန်မှုတွင် တရုတ်သည်ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုကို ဟန့်တားနေကြောင်း ဖော်ပြခဲ့ပြီး ၀ါရှင်တန်ရှိ တရုတ်သံရုံးကမူ အမေရိကန်သည် ကပ်ရောဂါနှင့်ပတ်သက်ပြီး လုပ်ကြံဇာတ်ခင်းနေသည်ဟု တုံ့ပြန်ခဲ့သည်။