တရုတ်၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ


တရုတ်၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ

၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် သုံးပုံတစ်ပုံနီးပါးမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်ဖြစ်ပွားခဲ့သည်။


အစီရင်ခံစာသစ် တစ်ရပ်အရ နိုင်ငံရပ်ခြားတွင် တရုတ် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသော လူအခွင့်အရေး ချိုးဖောက်မှု အနည်းဆုံး ၆၇၉ ခု တွေ့ရှိခဲ့သည်။ ယင်းတို့ကြောင့် တရုတ်နိုင်ငံ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (Belt and Road Initiative) နှင့် အားနည်းချိနဲ့သော ဒေသအဝန်းအဝိုင်းအပေါ် ထိုစီမံကိန်း၏ သက်ရောက်မှု အကျိုးဆက်များမှာ ပိုမိုထင်ရှားလာသည်။


စီမံအုပ်ချုပ်မှုအားနည်းပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးစိုးသော နိုင်ငံများတွင် ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စင်တာ (BHRRC) က သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီအရင်ခံစာတွင် ထုတ်ဖော်ပြောဆိုထားသည်။

လန်ဒန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီ တစ်သောင်းကျော်၏ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များကို စောင့်ကြည့်လေ့လာခဲ့ကြသည်။


၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် သုံးပုံတစ်ပုံကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။ ယင်းအပြင် ပီရူးနှင့် အီကွေဒေါ အပါအဝင် အာဖရိကန်နှင့် လက်တင်အမေရိကန်နိုင်ငံများတွင်လည်း ထင်ရှားစွာ တွေ့ရှိခဲ့ရသည်။


လူ့အခွင့်အရေးချိုးဖောက်ခံရသော၊ ချိုးဖောက်ခံရနိုင်သော အခြေအနေများကို သတ္တုတူးဖော်ရေး၊ ရုပ်ကြွင်းလောင်စာထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ် စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။


ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း (Belt and Road Initiative) ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် စီမံကိန်းလည်း ဖြစ်သည်။ ထို အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံကိန်းကြီးဖြင့် တရုတ်နိုင်ငံခြားရေး မူဝါဒကို ပိုအားကောင်းစေရန်နှင့် ကမ္ဘာတစ်ဝန်းကို လွှမ်းမိုးနိုင်ရန် ရည်ရွယ်ထားသည်။


အစိုးရကိန်းဂဏန်းများအရ တရုတ်က အခြားနိုင်ငံများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေ ပမာဏ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ ကျော်ရှိသည်။ထိုစီမံကိန်းများကြောင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တန်ကြေးများသော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့ပြီး အခြေခံအဆောက်အဦးများ တိုးတက်လာခဲ့သည်။


သို့သော်လည်း စီမံကိန်းများသည် တိုက်ရိုက်ထိခိုက်ခံစားရသော လူထု၏ စိုးရိမ်ချက်များကို လျစ်လျူရှုခြင်း၊ သဘာဝပတ်ဝန်းကျင်အပါအဝင် ကိစ္စရပ်အများအပြားတွင် မဖြစ်မနေ လိုအပ်သော ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ ဖြစ်ပေါ်နေကြောင်း အကဲခတ်များက ဆိုသည်“နိုင်ငံရပ်ခြားရှိ တရုတ်စီးပွားရေးလုပ်ငန်းများကြောင့် ထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများ ရှိသော်လည်း တာဝန်သိ အင်အားကြီးနိုင်ငံဖြစ်လာရေး တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို လူအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲမှုများက အဟန့်အတားဖြစ်စေနိုင်ပါသည်” ဟု အစီရင်ခံစာ ကဆိုသည်။


ရေအောက်ရောက် ကမ္ဘောဒီးယား


လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ဆန်းစစ်လေ့လာချက် ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာသော BHRRC အစီရင်ခံစာတွင် ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တရုတ်ဘဏ္ဍာငွေ ထောက်ပံ့မှုဖြင့် တည်ဆောက်သော အောက်စီဆန် ၂ ဆည်ကြောင့် ဖြစ်ပေါ်လာသော ‘လူ့အခွင့်အရေး ကပ်ဘေးသင့်မှု’ ကို ဖော်ပြထားသည်။ ယင်းဆည်စီမံကိန်းကြောင့် တိုင်းရင်းသားလူနည်းစု ရပ်ရွာတို့မှ လူ ၅၀၀၀ နီးပါး ပြောင်းရွှေ့ပေးရပြီး ယခင်သူတို့ နေထိုင်ခဲ့သော ရပ်ရွာဒေသများ ရေအောက်သို့ လုံးလုံးရောက်ရှိသွားသည်။


“ငါးဖမ်းတာ၊ တောထဲဝင်တာ၊ စိုက်ပျိုးရေးလုပ်တာတွေနဲ့ အရင်က ကိုယ့်ဟာကိုယ် အတူတကွ ဖူလုံရှင်သန်ရပ်တည်နေနိုင်ခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အသက်မွေးမှုဟာ အောက်ဆီဆန် ၂ ဆည်ကြောင့်မို့လို့ ပျက်သုဉ်းသွားရပါတယ်” ဟု HRW ၏ အာရှရေးရာ ဒါရိုက်တာ ဂျွန်ဆစ်ပတွန်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။


၂၀၁၈ ခုနှစ်တွင် ဆည်ဆောက်လုပ်ပြီးစီးချိန်၌ မဲခေါင်မြစ်၏ မြစ်လက်တက်နှစ်ခုဖြစ်သော ဆီဆန်နှင့် ဆရီပွတ်မြစ်တို့ ဆုံရာ မြစ်ညာပိုင်းတွင် ဧရာမ ရေလွှမ်းဧရိယာများဖြစ်သွားကာ လူထောင်ပေါင်း များစွာ ပြောင်းရွှေ့ပေးခဲ့ရသည်။ယခုအခါ ဘန်နော့ နှင့် ကချော့တို့ အပါအဝင် ဌာနေတိုင်းရင်းသားများစုပေါင်းနေထိုင်ခဲ့ကြသော ရပ်ရွာဒေသများမှာ ရေအောက်သို့ ထာဝရ ရောက်ရှိသွားသည်။ ယခင် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် သစ်ပင်သေတို့၏ အပေါ်ပိုင်းကို ရေပေါ်တွင် မြင်တွေ့နိုင်သည်။


HRW ၏ အဆိုအရ ကမ္ဘောဒီးယား အာဏာပိုင်များနှင့် စီမံကိန်းတွင် ပါဝင်သော ဆောက်လုပ်ရေး ကုမ္ပဏီများသည် ထိခိုက်ခံစားရမည့် ရပ်ရွာဒေသခံများနှင့် စီမံကိန်းမစတင်မီ နည်းမှန်လမ်းမှန် ဆွေးနွေးညှိနှိုင်းခြင်း မရှိခဲ့ပေ။ ၎င်းတို့၏ စိုးရိမ်ပူပန်ချက်များကိုလည်း လုံးလုံးလျားလျားနီးပါး လျစ်လျူရှုခဲ့သည်။


“လူအများအပြားမှာ ၎င်းတို့ ဆုံးရှုံးသွားရသော ပစ္စည်း ဥစ္စာ များနှင့် ဝင်ငွေတို့အတွက် မလောက်မင လျော်ကြေးကို ရယူသဘောတူရန် အတင်းအကျပ်လုပ်ဆောင်ခြင်းခံခဲ့ရသည်။ ပြန်လည်နေရာ ချထားရေး ဧရိယာတွင်လည်း ညံ့ဖျင်းသော နေအိမ်နှင့် ထောက်ပံမှုများသာ ရရှိခဲ့ပြီး ပြောင်းလဲလုပ်ဆောင်ရမည့် အသက်မွေးမှုလုပ်ငန်းသစ်များအတွက် သင်တန်း သို့မဟုတ် အထောက်အပံ့များ မရရှိပေ”ဟု အစီရင်ခံစာတွင် ဆိုထားသည်။


ကမ္ဘောဒီးယားအစိုးရ အရာရှိများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသည် ဒေသခံများနှင့် စစ်မှန်သော ဆွေးနွေးညှိနှိုင်းသဘောတူညီမှု မပြုခဲ့ဘဲ ကုလသမဂ္ဂက ပြဌာန်းထားသော ဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်အညီ ဌာနေတိုင်းရင်းသားများနှင့် လွတ်လပ်၍ ကြိုတင်ညှိနှိုင်း သဘောတူညီချက်ရယူမှု (FPIC) ရှိရန် အားထုတ်လုပ်ဆောင်ခြင်း မရှိခဲ့ပါ။


စီမံကိန်းတည်ဆောက်စဉ် ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အတွင်း ရပ်ရွာဒေသခံများသည် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ၎င်းတို့၏ စိုးရိမ်ချက်များကို အလေးထားဖြေရှင်းပေးရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ထံ တိုက်ရိုက် တောင်းဆိုခဲ့ကြသည်။


“သို့သော် အစိုးရအရာရှိများသည် ရပ်ရွာဒေသခံများ၏ စိုးရိမ်ချက်များကို အကြိမ်ကြိမ် မျက်ကွယ် ပြုခဲ့ပြီး (ပိုမိုကောင်းမွန်သင့်တော်သော) အခြားနည်းလမ်းများ ဆွေးနွေးချမှတ်ရေး တင်းခံ နေခဲ့သည်။ ဒေသခံအချို့မှာ ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ထောင်ချခံရသည်”ဟု HRW အစီရင်ခံစာတွင် ဖော်ပြထားသည်။


“ဒေသခံတွေရဲ့ ရပိုင်ခွင့်ကို ကုမ္ပဏီ က ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပါဘူး၊ ဒီအတိုင်းပဲ ပြောင်းခိုင်းစေလိုက်တာ” ဟု ဘန်နော့ ဒေသခံတစ်ဦး က HRW ကို ပြောသည်။”


မြန်မာနိုင်ငံမှ ဘီလီယံချီသော စီမံကိန်းများ


တရုတ်စီးပွားရေးလုပ်ငန်းများကြောင့် အလွန်အမင်း အန္တရာယ်ရှိနေသော နိုင်ငံအဖြစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်အာဏာသိမ်းခံထားရသော မြန်မာနိုင်ငံကို BHRRC အစီရင်ခံစာတွင် အချက်ပြသတိပေးလိုက်သည်။


စစ်အာဏာမသိမ်းကပင် တရုတ်က ကမကထပြုထားသော စီမံကိန်းများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် မေးခွန်းများစွာ ရှိနေကြောင်း အထက်ပါအဖွဲ့က ဆိုသည်။

စစ်အာဏာသိမ်းပြီးကတည်းက (တရုတ်၏) စီးပွားရေးလုပ်ငန်းများ ပိုမို အရှိန်ယူလာသည်။ စစ်အစိုးရက မေလအတွင်း စီမံကိန်း ၁၅ ခု အတည်ပြု ချထားပေးခဲ့သည်။


ယင်းတွင် တရုတ် ကုမ္ပဏီများက ဓာတ်ငွေ့ရည်ဖြင့် တည်ဆောက်လည်ပတ်မည့် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန် စွမ်းအင်စက်ရုံတစ်ခုလည်း ပါဝင်သည်။

“နောင်တွင် စစ်အစိုးရက တရုတ်ကုမ္ပဏီများ၏ စီမံကိန်းများ ပိုမိုချပေးရန် ဖြစ်လာနိုင်သည်။ ယင်းတို့ကြောင့် အငြင်းပွားဖွယ်ရာများ နှင့် လူထု စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနိုင်သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။


“ယင်းကြောင့်ပင် ပဋိပက္ခ ဖြစ်ပွားဧရိယာများတွင် အကောင်အထည်ဖော်မည့် ကုမ္ပဏီလုပ်ငန်းများ အနေနှင့် ခိုင်မာသော လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ မဖြစ်မနေလိုအပ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်” ဟု အစီရင်ခံစာကဆိုသည်။


BHRCC ၏ စာရင်းအရ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် အမြင့်ဆုံးနိုင်ငံ ဖြစ်ပြီး စုစုပေါင်း ကန့်ကွက်တိုင်တန်းမှု ၉၇ ခု ရှိသည်။ လာအိုနိုင်ငံက ၃၉ ခု၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား တို့က ၃၄ ခုနှင့် ၂၅ ခု အသီးသီးရှိသည်။


တရုတ်က နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာပြီး ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းတွင် ပိုမိုချဲ့ထွင်လာသည်နှင့်အမျှ စီမံကိန်းတွင် ပါဝင်ပတ်သက်နေသော တရုတ် ကုမ္ပဏီများ နှင့် အစိုးရများအနေနှင့် လူ့အခွင့်အရေးကို အသေအချာ လေးစားလိုက်နာရန် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။


“ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တရုတ်နှင့် ရင်းနှီးမြှုပ်နှံမှု လက်ခံသော နိုင်ငံများ အနေနှင့် စည်းမျဉ်းစည်းကမ်း ဝန်းကျင်ကောင်းကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန်၊ တရုတ် လုပ်ငန်းများ၏ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိုစည်းမျဉ်းများကို အကောင်အထည်ဖော်ရန် များစွာ အခွင့်အလမ်းရှိနေပါကြောင်း”အစီရင်ခံစာကဆိုသည်။


ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများ၊ များစွာသော စတော့အိတ်ချိန်းများတွင် စာရင်းဝင်သော တရုတ်ကုမ္ပဏီများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တိုင်ကြားမှုများကို အများဆုံး တုံ့ပြန်ဆောင်ရွက်တတ်ကြောင်း တွေ့ရှိရသည်။


“အာရှ ကုမ္ပဏီများ၏ ပျမ်းမျှတုံ့ပြန်ဖြေရှင်းမှုထက် နိမ့်နေသေးသော်လည်း တရုတ်ကုမ္ပဏီများ၏ ပျမ်းမျှတုံ့ပြန်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက မြင့်မားနေပါသည်။တရုတ်ကုမ္ပဏီ များသည် စိမ်းလန်းသော စွမ်းအင်သို့ တရားမျှတသောနည်းဖြင့် ပါဝင်အသွင်ပြောင်းရေး စွမ်းဆောင်ရည် မြင့်မားလာစေရန် တည်ဆောက်နိုင်ခဲ့သည်”။


သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း လုပ်ငန်းများအနေနှင့် ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး စည်းမျဉ်းဘောင်၊ နစ်နာမှုများကို ကောင်းစွာကိုင်တွယ်နိုင်သောယန္တရား၊ ထိခိုက်ခံစားရသော ရပ်ရွာဒေသခံများအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်ကုစားခံရနိုင်ခွင့် စသည်တို့ကို သေချာစွာ ထည့်သွင်အကောင်အထည်ဖော်ပါက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။


“ပြည့်စုံကုံလုံသော လမ်းညွှန်ချက်၊ ထိရောက်စွာ အကောင်အထည်ဖော်နိုင်သော ယန္တရားတို့ကို ဥပဒေမူဘောင် ချမှတ်ပြီး ဘေးအန္တရာယ်မြင့်မားသော နိုင်ငံအလိုက်နှင့် ကဏ္ဍအလိုက် ဦးစားပေး ချမှတ်ကာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း” အစီရင်ခံစာက ဆိုထားသည်။