ရှာကွီရီနေရာ အစားထိုးမယ့်ကစားသမားကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ လီဗာပူး


ရှာကွီရီနေရာ အစားထိုးမယ့်ကစားသမားကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ရှာကွီရီကို လိုင်ယွန်အသင်းထံ ပေါင် ၉.၅ သန်း ရှိမယ့် သဘောတူညီမှုဖြင့် အပြီးသတ် ရောင်းထုတ်ခဲ့ပြီဖြစ်ကာ သူ့နေရာမှာတော့ လူငယ် ကစားသမား နှစ်ဦးဖြစ်တဲ့ အယ်လီးယော့ (၁၈ နှစ်)၊ ကိတ်ဂေါ်ဒန် (၁၆ နှစ်) တို့ဖြင့် တိုက်ရိုက် အစားထိုးမှာဖြစ်ပါတယ်။ ၂၀၁၉ မှာ လီဗာပူးအသင်းက အီးလီးယော့ကို ခေါ်ယူခဲ့ပြီး သူ့အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁.၂ သန်းအပြင်၊ ပထမဆုံး ပရိုစာချုပ်ချုပ်ရင် ပေါင် ၃ သိန်း၊ ဒုတိယစာချုပ် ထပ်ချုပ်ရင် ပေါင် ၂ သိန်း ထပ်ပေးရမှာဖြစ်တယ်။


လီဗာပူးကစားသမားဘဝ ပွဲ၁၀၀ ပြည့်ခြင်းနဲ့ အင်္ဂလန်လက်ရွေးစင်ဖြစ်လာခဲ့ရင်ဆိုတဲ့ အခြေအနေတွေအတွက် ထပ်ပေးဖို့တွေ ပါဝင်ကာ ပေါင် ၄.၃ သန်းဖြင့် အပြီးသတ် ခေါ်ယူထားခဲ့ခြင်းဖြစ်ပါတယ်။ အကယ်ဒမီ ကစားသမားတစ်ဦးအတွက် စံချိန်တင်ကြေး တစ်ခုဖြစ်ပြီး လီဗာပူးက အယ်လီးယော့ကို ရောင်းထုတ်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ကို ဖူလ်ဟမ်က ခံစားခွင့်ရပါမယ်။ အယ်လီးယော့ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ရှာကွီရီနေရာ တိုက်ရိုက် ဝင်ရမှာဖြစ်ပါတယ်။


ကိတ်ဂေါ်ဒန်ကတော့ ဒီဇန်နဝါရီကမှ ဒါဘီအသင်းကနေ ပေါင် ၃ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးကို ရောက်လာခဲ့တယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက အသက် ၁၆ နှစ်အရွယ်တွေထဲမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားလို့ မှတ်ချက်ပေးထားရတဲ့ ဂေါ်ဒန်ကတော့ အက်ဖ်အေဖလား၊ လိဂ်ဖလား ပြိုင်ပွဲတွေမှာ ရှာကွီရီအစားထိုးအဖြစ် ပါဝင်ရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အဆိုပါ လူငယ်နှစ်ဦးကို အများကြီး မျှော်လင့်ထားတယ်လို့ သိရပြီး အယ်လီးယော့ကတော့ ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းကနေ ကစားခွင့်ပါ ရထားခဲ့ပြီဖြစ်ပါတယ်။