​ကစားတဲ့ အသင်းတိုင်း ချန်ပီယံဖြစ်ဖို့ ရော်နယ်ဒိုက မွေးဖွားလာခဲ့တာပါ ဆိုတဲ့ ဘရူနိုအဲလ်ဗက်စ်


​ကစားတဲ့ အသင်းတိုင်း ချန်ပီယံဖြစ်ဖို့ ရော်နယ်ဒိုက မွေးဖွားလာခဲ့တာပါ ဆိုတဲ့ ဘရူနိုအဲလ်ဗက်စ်

Ballon d’Or ၅ကြိမ်ရ ခရစ္စတီယာနို ရော်နယ်ဒို တယောက် ဂျူဗင်တပ်စ် အသင်းက မထွက်ခွာမီ ချန်ပီယံလိဂ်ဖလား ရယူဖို့အတွက် တူရင်မှာ ဆက်ရှိနေလိမ့်မယ်လို့ သူရဲ့ လက်ရွေးစင် အသင်းဖော် ဘရူနိုအဲလ်ဗက်စ်က ယုံကြည်နေပါတယ်။


ဂျူဗင်တပ်စ် အသင်းဟာ ရော်နယ်လ်ဒိုလို ကစားသမား တယောက်ကို ပိုင်ဆိုင်ထားချိန်မှာတောင် ဥရောပရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပြီး၊ သူတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း စီးရီးအေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။


ရော်နယ်လ်ဒိုဟာ အံ့ဩဖွယ်ရာ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး၊ သွင်းဂိုးတွေ ရာချီအောင် သွင်းယူထားနိုင်ပေမယ့် ဂျူဗင်တပ်စ် အသင်းမှာ သူ့ရဲ့ပစ်မှတ်တွေ ဖြစ်မလာနိုင်တော့ရင် ဒီနွေရာသီမှာ အသင်းက ထွက်ခွာသင့်ကြောင်း လူအတော်များများက အကြံပေးခဲ့ကြပါတယ်။



ဒါပေမယ့် အသက်၃၆နှစ်အရွယ် ဒီကစားသမားဟာ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အနာဂတ် အစီအစဉ်တွေမှာ အဓိကကျတဲ့ အစိတ်အပိုင်း တခုအဖြစ် ရှိနေဆဲဖြစ်ပြီး၊ အသင်းမှာဆက်နေဖို့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။


ဒါ့ကြောင့် ရော်နယ်လ်ဒိုနဲ့အတူ ယူရို၂၀၁၆မှာ အတူတွဲကစားကာ ချန်ပီယံ ဖြစ်ခဲ့ပြီး၊ လက်ရွေးစင် အသင်းအတွက် ပွဲအရေအတွက်များစွာ ကစားပေးခဲ့ဖူးတဲ့ ဝါရင့်နောက်ခံလူ အဲလ်ဗက်စ်က ဒီကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ပြောသွားခဲ့ပါတယ်။


“ကျွန်တော် အခုလိုအကြောင်းတွေကို သူ(ရော်နယ်လ်ဒို)နဲ့ မပြောခဲ့ဖူးပါဘူး။ ကျွန်တော့်ခံစားချက်အရ ပြောရမယ်ဆိုရင် သူက ပြီးမြောက်အောင် လုပ်ရမယ့်အရာ တခုခုရှိနေသေးလို့ ဂျူဗင်တပ်စ် အသင်းမှာ ဆက်နေရလိမ့်မယ်လို့ ထင်မိပါတယ်။



“ဟုတ်ပါတယ် သူဟာ ဒီအသင်းက မထွက်ခွာခင် ချန်ပီယံလိဂ်ဖလား ရယူဖို့ ကြိုးစားပါလိမ့်မယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ကိုယ်သူ အမြဲတမ်း သက်သေပြချင်နေပြီး၊ သူက ချန်ပီယံတယောက်ဖြစ်ဖို့ မွေးဖွားလာခဲ့သူလို့တောင် ပြောလို့ရပါတယ်။”ဆိုပြီး အဲလ်ဗက်စ်က သူ့ရဲ့အမြင်ကို ပြောသွားခဲ့ပါတယ်။


မကြာသေးခင်က ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီဟာ ဒီကစားသမားကို စပိန်မြေဆီ ပြန်ခေါ်လိမ့်မယ် ဆိုတဲ့သတင်းတွေကို ငြင်းဆန်ထားခဲ့ပြီး၊ ဒီလိုသတင်းတွေဟာ ရော်နယ်လ်ဒိုကိုယ်တိုင် ဖန်တီးနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားနေတာတွေကို အဲလ်ဗက်စ်က အခုလို ထပ်ပြောထားပါတယ်။


“သူ့ပတ်ဝန်းကျင်မှာ အခုလို ကြီးမားတဲ့ ကောလဟာလတွေ အမြဲတမ်း ရှိနေတတ်ပြီး၊ ဒီလိုသတင်းတွေက အခြေအမြစ် မရှိဘူးဆိုပေမယ့် မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် သူက ဆိုရှယ်မီဒီယာပေါ်မှာ လေးစားမှု နည်းနည်းရှိဖို့အတွက် တောင်းဆိုခဲ့တာပါ။”လို့ အဲလ်ဗက်စ်က ဆိုပါတယ်။


ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပေမယ့်၊ စာချုပ်သစ်အတွက် ဆွေးနွှေးနေတာမျိုးတော့ မရှိသေးပါဘူး။ ဒါ့ကြောင့် သူဟာ ၂၀၂၂ခုနှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ပြီး၊ စိန်ခေါ်မှု အသစ်တခုကို ရင်ဆိုင်သွားဖွယ် ရှိနေပါတယ်။



သူဟာ တူရင်မှာဆက်နေဖို့ ဆန္ဒရှိမယ်ဆိုရင် ဂျူဗင်တပ်စ် အသင်းအတွက် မှော်ဆန်တဲ့ သွင်းဂိုးတွေအပြင် နိုင်ပွဲတွေကိုပါ ယူဆောင်ပေးနိုင်မှာ ဖြစ်တာကြောင့်၊ ဂျူဗင်တပ်စ် အသင်းအနေနဲ့ နိုင်ပွဲတွေရယူနိုင်ကြောင်း သက်သေပြနိုင်တဲ့ ဒီကစားသမားကို ဆက်ထိန်းထားလိမ့်မယ်လို့ အဲလ်ဗက်စ်က မျှော်လင့်နေပါတယ်။


ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ နောက်ဆုံးဘောလုံးရာသီ ၁၂ခုမှာ သွင်းဂိုး၃၀နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီ ၁၁ခုအထိရှိခဲ့တာကြောင့်၊ သူဟာ ထူးခြားတဲ့ စံချိန်မှတ်တမ်းတွေကို ဆက်လက် ချိုးဖျက်နိုင်လိမ့်မယ်လို့ အဲလ်ဗက်စ်က ယုံကြည်နေပါတယ်။


ဒါ့ကြောင့် ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီမှာ ရော်နယ်လ်ဒိုဆီက ဘယ်လိုအရာတွေ မျှော်လင့်နိုင်မလဲဆိုပြီး မေးမြန်းခဲ့ရာမှာ အဲလ်ဗက်စ်က” ကျွန်တော်တို့သိတဲ့ အသက်၃၆နှစ်အရွယ် ခရစ္စတီယာနိုက တရာသီမှာ သွင်းဂိုး၃၀နဲ့၄၀ကြား သွင်းယူပေးနိုင်ဖို့ အာမခံနိုင်တဲ့ ကစားသမားမျိုးပါ။”


“ခရစ္စ,က ချန်ပီယံတယောက်၊ အနိုင်ရသူတယောက် ဖြစ်ပြီး၊ ထူးခြားတဲ့ အရာတွေကို အမြဲတမ်း လုပ်ပြတတ်ပါတယ်။ ဒါပေမယ့် သူ,အဲလိုတွေ လုပ်ပြနိုင်ဖို့ဆိုရင် အသင်းဘက်ကလည်း သူ့ကိုပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ဖို့ သူတယောက်တည်းနဲ့တော့ လုံလောက်တယ်လို့ မထင်ပါဘူး။”ဆိုပြီး ပြောသွားခဲ့ပါတယ်။