သုံးနှစ်ကြာချိန်တွင်မှ သူ့အရည်အချင်းကို ဆုံးဖြတ်ကြရန် အာဆင်နယ်ပရိသတ်များကို အာတီတာပြောကြား


သုံးနှစ်ကြာချိန်တွင်မှ သူ့အရည်အချင်းကို ဆုံးဖြတ်ကြရန် အာဆင်နယ်ပရိသတ်များကို အာတီတာပြောကြား

မီခေးလ်အာတီတာကရာသီသစ်အစပထမတစ်ပွဲတည်းဖြင့်သူ့အရည်အချင်းအားအကဲဖြတ်လာမှုအပေါ်ဂရုစိုက်နေမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။


အာဆင်နယ်နည်းပြအာတီတာနှင့်ကစားသမားများဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်ဘရန့်ဖို့ဒ်အားရှုံးနိမ့်မှုနဲ့အတူဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။


အာဆင်နယ်ဟာမနက်ဖြန်တနင်္ဂနေ့တွင်လန်ဒန်ဒါဘီပွဲအဖြစ်ချဲလ်ဆီးနှင့်ရင်ဆိုင်ရပါမယ်။ယင်းပွဲအပြီးတွင်အာဆင်နယ်ဟာကြားရက်တွင်ဝက်စ်ဘရွန်းနှင့်လိဂ်ဖလားပွဲအဖြစ်ရင်ဆိုင်ရပြီးနောက်မန်စီးတီးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။


အသက်၃၉နှစ်ရှိအာတီတာကဘရန့်ဖို့ဒ်အားရှုံးနိမ့်ပြီးနောက်အပြင်းအထန်ဝေဖန်နေမှုများအပေါ်ဂရုမစိုက်ကြောင်းနှင့်သူ့အရည်အချင်းအား၂နှစ်(သို့မဟုတ်)၃နှစ်ကြာချိန်တွင်မှအကဲဖြတ်ကျရန်ပြောလာပါတယ်။


အာတီတာက “လူတွေဟာကျွန်တော်တို့ကိုလောင်မြိုက်နေချင်ကြပါတယ်။ဝေဖန်ဖို့ကြိုးပမ်းနေကြပါတယ်။ဒါပေမယ့်ဒါကအထူးအဆန်းမဟုတ်ပါဘူး။စိတ်လည်းမဝင်စားပါဘူး။ကျွန်တော်ကဘယ်သူ့ကိုမှလက်ညှိုးထိုးပြောတာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ချို့ပြောတာတွေကမလေးစားသလိုဖြစ်နေပါတယ်။ပရီးမီးယားလိဂ်အဖွင့်ပွဲဆိုတော့လည်းဝေဖန်မှုကလည်းပိုပြင်းပါတယ်။ဒါပေမယ့်ရှေ့မှာတစ်ရာသီလုံးကျန်နေပါသေးတယ်။ကလပ်ရဲ့အပြင်ဘက်ကအရာတွေကအပြင်မှာဘဲရှိစေချင်ပါတယ်။ကျွန်တော်ကကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့အဝိုင်းအဝန်းတည်ဆောက်ချင်ပါတယ်။ဖိအားရှိနေတယ်လို့လည်းမခံစားရပါဘူး။ဘောလုံးမှာဖိအားရှိလာပြီလို့ခံစားရပြီဆိုတာနဲ့အမှားတွေလုပ်တော့တာပါပဲ။ကံဆိုးတာကတော့ဝေဖန်မှုတွေကထိန်းချုပ်မရတော့ဟန်ချက်ညီအောင်တော့နေရပါမယ်။ကိုယ့်ဘက်ကအကောင်းဆုံးတော့လုပ်ပြရပါမယ်။ရလဒ်တစ်ခုတည်းနဲ့ဝေဖန်အကဲဖြတ်ခံရမယ်။ဒါပေမယ့်ဒါကကိုယ်လုပ်တာမကောင်းဘူး၊ဆိုးနေတာမျိုးတော့မဟုတ်ပါဘူး။ဘောလုံးမှာအနိုင်နဲ့အရှုံးရှိပါတယ်။ကျွန်တော်ဟာဒီမှာရှိနေတဲ့၁၈လအတွင်းစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။အခုအချိန်ကဖြစ်ပြီးသားတွေကိုဆန်းစစ်ရမယ့်အချိန်လည်းမဟုတ်ပါဘူး။ဒါပေမယ့်၂နှစ်(သို့)၃နှစ်အချိန်မှာပြန်ကြည့်လိုက်ရင်အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာတွေ့ရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။


အာတီတာဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အရေးပါတဲ့ခေါ်ယူမှုများအဖြစ်နောက်ခံလူဘင်ဝှိုက်၊ကွင်းလယ်ကစားသမားအိုဒီဂတ်၊ဂိုးသမားရမ်ဒဲလ်တို့ကိုခေါ်ယူထားပါတယ်။