ဘုန်းတော်ကြီးသော ရွှေတိဂုံဘုရားအား စောင့်ရှောက်သော နတ်နှင့်ဘီလူးများ


ဘုန်းတော်ကြီးသော ရွှေတိဂုံဘုရားအား စောင့်ရှောက်သော နတ်နှင့်ဘီလူးများ

ရွှေတိဂုံဘုရားသည် ဘုရားလေးဆူတို့၏ ဓာတ်တော်မွေတော်များရှိပြီး လွန်စွာတန်ခိုးကြီးလှ၏။ ရှေးခေတ်မင်းအဆက်ဆက်တို့ ကိုးကွယ်ခဲ့ကြပြီး အဖိုးမဖြတ်နိူင်သော ဌာပနာများကိုလည်း ထည့်သွင်းခဲ့ကြလေသည်။


တာဝတိံသာနတ်ပြည်မှ သိကြားမင်းကိုယ်တိုင် ဦးစီးကာ နတ်အပေါင်းတို့ကို ရွှေတိဂုံဘုရားအား စောင့်ရှောက်စေရန် တာဝန်ပေးအပ်ထားလေသည်။ တာဝန်ပေးအပ်ထားသော နတ်များမှာ တာဝတိံသာနတ်ပြည်မှ နတ်သား ၅ ပါးနှင့် စတုမဟာရာဇ်နတ်ပြည်မှ ဘီလူးအနွယ်ဝင် နတ်ဘီလူး ၁၆ ပါးတို့ကို တာဝန်ပေးအပ်ထားလေသည်။


တာဝတိံသာမှ နတ်သား ၅ ပါးအား ရွှေတိဂုံ၏ အရှေ့၊ အနောက်၊တောင်၊ မြောက် မုဒ်လေးခုတွင် နေရာချထား စောင့်ကြပ်စေ၍ ကျန်တစ်ပါးအား ဘုရား၏ စိန်ဖူးတော်ထိပ်တွင် စောင့်ရှောက်စေလေ၏။


စိန်ဖူးတော်၏ထိပ်တွင် စောင့်ရသောနတ်သည် အထက်ကောင်းကင်ယံမှ အညစ်အကြေးများ မကျစေရန် ဖယ်ရှားပေးရသည့်အပြင် စိန်ဖူးတော်နှင့် အဖိုးတန်ရတနာများကို မသမာသူတို့ ကြံစည်၍ မရအောင် စောင့်ကြပ်ရလေသည်။


မုဒ်လေးခုတွင် စောင့်ကြပ်ရသော နတ်လေးပါးသည်ကား မကောင်းမိစ္ဆာများနှင့် လူမိစ္ဆာတို့ ဘုရားအား လာရောက်မနှောက်ယှက်နိူင်ရန် စောင့်ကြပ်ရလေ၏။ ထို့အပြင် သဘာဝဘေးကြောင့် မပျက်စီးအောင်လည်း ကာကွယ်ပေးရလေ၏။


နတ်ဘီလူး ၁၆ ပါးတို့သည်ကား ဘုရား၏မြေအောက်ရှိ ဘုရားဌာပနာနှင့် မွေတော် ဓာတ်တော်များကို အထူးစောင့်ကြပ်ရလေ၏။


ဘုရားဌာပနာအား ဖောက်ထွင်းရန် ကြံစည်သူတို့သည် ရောဂါအမျိုးမျိုး၊ ဘေးအမျိုးမျိုး၊ လက်နက်အမျိုးမျိုးဖြင့် သေပွဲဝင်ကြရလေ၏။ ထို့အပြင် ဘုရားရင်ပြင်ပေါ်ရှိ ဘုရားပိုင်ပစ္စည်းများကိုလည်း စောင့်ရှောက်ရလေ၏။


မြန်မာဘုရင်များလက်ထက်အခါက ပေါ်တူဂီစစ်သားတို့သည့် ရွှေတိဂုံဘုရားပေါ်ရှိ ခေါင်းလောင်းအား လုယူသယ်ဆောင်ကြသော်လည်း ဘုရားအောက်ပိုင်းရှိ မြစ်အတွင်းသို့ရောက်သောအခါ ရေနစ်ပြီး အသေဆိုးဖြင့် သေကြရလေ၏။


ထို့အတူ ဒုတိယ မြန်မာ-အင်္ဂလိပ်စစ်ပွဲပြီးကာစတွင် အင်္ဂလိပ်စစ် သားများက ရွှေတိဂုံဘုရားမြေအောက်ရှိ ဘုရားဌာပနာ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားတို့ကို တူးယူရန်အတွက် လူအင်အာအများ အပြားသုံးပြီး လှိုင်ခေါင်းများစွာတူး၍ ရှာဖွေကြသော်လည်း မတွေ့ရပဲ အချိန်ကြာမြင့်လာသောအခါ အင်္ဂလိပ်စစ်သားများစွာတို့ အသေဆိုးဖြင့် သေကြရလေသည်။


ထိုအန္တရာယ်မျိုးစုံကြောင့် သိကြားမင်းသည် အလွန်ကြမ်းလှသော နတ်ဘီလူး ၁၆ ပါးကိုသာ တာဝန်ပေးအပ်ကာ စောင့်ရှောက်ထားစေလေသည်။ နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား၏ ဓာတ်တော်လည်း ရွှေတိဂုံဘုရားသို့ ထပ်မံထည့်သွင်းဌာပနာရဦးမည်ဖြစ်လေ၏။


သိကြားမင်းကြီး ကိုယ်တိုင်လည်း သာသနာပြုမင်းပေါ်သောအခါ ဘုရားထီးတော်တင်သည့်အချိန်တွင် ရွှေတိဂုံဘုရားအား လာရောက်ဖူးမျှော်ဦးမည် ဖြစ်လေသည်။


ထိုမင်းအတွက်အား ဆင်ဖြူတော်သုံးစီး ပေးအပ်မည်ဖြစ်လေသည်။ ထို့အတူ နဂါးမင်းများမှလည်း ဆင်ဖြူတော်လေးစီး ထပ်မံဆက်သမည်ဖြစ်လေ၏။


ဘုန်းတော်ကြီးသော ဘုရားရွှေတိဂုံသည် အဖိုးမဖြတ်နိူင်သော ဘုရားလေးဆူတို့၏ ဓာတ်တော် မွေတော်များရှိခြင်း၊ တန်ဖိုးကြီးသော ရတနာများရှိခြင်း၊ လွန်စွာကြီးမြတ်ခြင်းတို့ကြောင့် နတ်နှင့် ဘီလူးတို့က အထူးစောင့်ကြပ်နေရလေ၏။


Credit to original