ပဋ္ဌာန်းကို နားမလည်ပဲ ရွတ်ရင် အစွမ်းထက်/မထက် နှင့် နေရာရွေးပြီး ရွတ်သင့်/မသင့် [ပါချုပ်ဆရာတော်ကြီး၏ အဖြေ ]


ပဋ္ဌာန်းကို နားမလည်ပဲ ရွတ်ရင် အစွမ်းထက်/မထက် နှင့် နေရာရွေးပြီး ရွတ်သင့်/မသင့် [ပါချုပ်ဆရာတော်ကြီး၏ အဖြေ ]

မေး။ ပဋ္ဌာန်းဂါထာများရွတ်ဆိုရင် အနက်အဓိပ္ပါယ် နားလည်မှုမရှိပဲ ရွတ်ဆိုရင် အစွမ်းထက်ပါသလား ? ‌မေး။ ပဋ္ဌာန်းကို နေရာရွေးပြီး ရွတ်သင့်တယ်၊ နေရာမရွေးပဲ ရွတ်ရင် အနှောက်အယှက်အပေးခံရတယ်ဆိုတာ ဟုတ်ပါသလား ?ဘာကြောင့်လဲ။ ရှင်းပြပေးတော်မူပါဘုရား ။


ဖြေ။ ပဋ္ဌာန်းပါဠိတော်များလို့ သုံးသင့်တယ်ပေါ့နော်။ ဂါထာဆိုတာက သံစဉ်နဲ့ဖွဲ့ထားတဲ့ မင်္ဂလသုတ်တို့ မေတ္တာသုတ် တို့လို ရေးထားတဲ့အရာတွေ ဖြစ်တယ်။ ပဋ္ဌာန်းပါဠိတော်ကျတော့ စုန္နိယ လို့ ခေါ်တာပေါ့။ ပဋ္ဌာန်းပါဠိတော်ရွတ်ဆိုတာ အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲ ရွတ်ဆိုရင်ရော အစွမ်းထက်ပါသလား ဆိုရင် အစွမ်းထက်တယ်ဆိုတာ အစွမ်းထက်ချင်လို့ ရွတ်တာမျိုး။


တရားတော်တွေကတော့ လူတွေအတွက် တရားစွမ်းထက်ဖို့ ရွတ်တာတော့ မဟုတ်ဘူး။ ဒါရွတ်ရင် အစွမ်းထက်တယ်ဆိုတာ တန်ခိုးရှိတယ်လို့ ဒီလိုဆိုလိုတာ မဟုတ်ဘူးနော်။ အနက်အဓိပ္ပါယ်နားမလည်ပဲ ရွတ်ဆိုရင်ရော ကုသိုလ်ရပါသလား ဒီလိုပဲ မေးသင့်တာပေါ့နော်။


ဘုရားရဲ့တရားတော်က အစွမ်းရှိတယ်ဆိုတာ ဘယ်လိုအစွမ်းရှိတုန်းဆို မြတ်စွာဘုရား တရားတော်တွေကို ကြားနာပြီးတော့ မြတ်မြတ်နိုးနိုးနေကြတဲ့အထဲမှာ လူတွေသာမကဘူး နတ်ဗြဟ္မာတွေလည်း ပါတယ်ပေါ့။ အဲတော့ ဘုရားဟောတဲ့တရားတော်ကို ရွတ်ဆိုပြီဆိုရင် နတ်ဗြဟ္မာတွေက စိတ်ဝင်စားပြီးတော့ သူတို့လာတဲ့အခါမှာ တစ်ခြားမကောင်းဆိုးရွားတွေက ဖယ်ရှားသွားကြတယ်။


တန်ခိုးရှိတဲ့နတ်တွေကလာရင် တန်ခိုးမရှိတဲ့နတ်တွေက ဖယ်ရှားရလို့ ဒုက္ခပေးမယ့်ဟာတွေ မရှိတော့ဘူးပေါ့နော်။ အဲလိုတော့ ဖြစ်နိူင်တယ်။ မြတ်စွာဘုရားပဋ္ဌာန်းကို မြတ်မြတ်နိူးနိူး နာယူဖူးကြတဲ့ နတ်တွေဟာ နတ်တို့နာချင်စိတ်ရှိတဲ့အခါမှာ သူတို့ရဲ့အရှိန်အဝါတွေပေါ့။


ဥပမာမယ် ရာထူးကြီးတဲ့လူတစ်ယောက်လာတဲ့အခါ အလိုအလျောက် သူ့ရဲ့အရှိန်အဝါဆိုတာ ရှိတယ်ပေါ့နော်၊ အဲသလို အရှိန်အဝါမျိုးဖြစ်တယ်လို့လဲ ဆိုနိူင်တယ်။ မြတ်စွာဘုရားရဲ့တရားတော်ကို ရွတ်ဖတ်ပူဇော်တယ်ဆိုတဲ့ ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းလည်း ရှိတယ်ပေါ့။


ရင်ထဲ နှလုံးထဲမှာ ပီတိဖြစ်ပြီးတော့ ရွတ်ဆိုမယ်ဆိုရင် ဘုရားကို ပူဇော်မယ်ဆိုရင် မြတ်စွာဘုရားဟောတဲ့ တရားတော်တွေရဲ့ လေးနက်မှန်ကန်မှုကြောင့် နားမလည်သော်လည်း အကျိုးသက်ရောက်မှုတော့ ရှိတယ်လို့ ဒီလိုပြောရမှာပေါ့နော်။


ဘာကြောင့် အကျိုးသက်ရောက်တာတုန်းဆိုတော့ မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာ ကြောင်းကျိုးဆီလျော်ပြီး စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်၊ ထိုစစ်မှန်တဲ့တရားတော်တွေကို နတ်ဗြဟ္မာတွေက လိုလိုလားလားနှစ်သက်ကြတာဖြစ်သောကြောင့်၊ ရင်ထဲ နှလုံးထဲမှာ ပီတိဖြစ်နိူင်တာ ဖြစ်သောကြောင့်၊ ကုသိုလ်တရားဖြစ်နိူင်တာ ဖြစ်သောကြောင့် ကုသိုလ်ရဲ့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အစွမ်းသတ္တိတော့ ရှိတယ်လို့ ဒီလိုပဲ မှတ်သင့်တယ်ပေါ့။


မေး။.. နေရာရွေးပြီး ရွတ်သင့်/မသင့်ကရော ဘုရား၊ ဖြေပေးတော်မူပါဦး။


ဖြေ။. ပဋ္ဌာန်းကို နေရာရွေးပြီး ရွတ်သင့်တယ်။ နေရာမရွေးပဲ ရွတ်ပါက အနှောက်အယှက်ပေးခံရတယ်ဆိုတာ ဟုတ်ပါသလား ဆိုတာ တစ်ချို့ပြောဆိုကြတာတွေကို ဘုန်းဘုန်းလည်း ကြားဖူးပါတယ်။ ဒါက ဖြစ်နိုင်တာတစ်ခုကတော့ ဒီလိုပေါ့၊ ပဋ္ဌာန်းတရားတော်တွေကို ဘုရားတရားတော်တွေကို မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနားမှာ ရွတ်တယ် ဆိုပါစို့။


ရွတ်မိဆိုရင် ဆန့်ကျင်ဘက်တော့ ဖြစ်နိူင်တယ်ပေါ့။ အနှောက်အယှက်ပေးတယ်ဆိုတာ အဲဒါမျိုးပေါ့။ ဥပမာမယ် – ပဋ္ဌာန်းတွေရွတ်နေတယ် အသံချဲ့စက်ကြီးနဲ့ရွတ်လို့ နားမခံနိူင်လို့ ဆန့်ကျင်တဲ့လူတွေလည်း ရှိတာပဲ လူထဲမှာတောင်မှ။ အဲဒါကတော့ အသံကျယ်လို့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ အဓိပ္ပါယ်တစ်မျိုးပေါ့နော်။


အဲသလို မဟုတ်ဘဲနဲ့ မြတ်စွာဘုရားကို မကြည်ညိုလို့ ဘာသာချင်းမတူလို့ မုန်းတီးတဲ့ပုဂ္ဂိုလ်တွေက လူသားက အနှောင့်အယှက်ပေးက တစ်မျိုး။ လူတွေမမြင်ရတဲ့သတ္တဝါတွေထဲမှာလည်း ဒီလိုမကြိုက်တဲ့ သတ္တဝါတွေ ရှိနိူင်တယ်။ နတ်တွေမကြိုက်တဲ့သတ္တဝါတွေက သူတို့ ဒါရွတ်ရင် အနေအထိုင်ခက်တယ်။ စိတ်ဆင်းရဲတယ်ဆိုရင် အနှောက်အယှက်ပေးနိုင်တယ်ပေါ့။


ဒါကြောင့် ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင် မေတ္တာပို့ပြီးတော့ အားလုံး လက်ခံနိူင်လောက်အောင် မေတ္တာစိတ်နဲ့ရွတ်နိူင်ရင် ပိုကောင်းတယ်ပေါ့နော်။


မေး။ အဲဒါဆိုလို့ရှိရင် ပဌာန်းတွေ ဂါထာတွေ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုတာ အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲနဲ့ အနက်အဓိပ္ပါယ်သိပြီး ရွတ်တာနဲ့ ကုသိုလ်ရတာချင်းက အတူတူပဲလားဘုရား။


ဖြေ။ ကွာခြားတယ်။ အဓိပ္ပါယ်နားမလည်ပဲရွတ်ဆိုတာကတော့ မြတ်စွာဘုရားကို ကြည်ည်ုတဲ့စိတ်နဲ့ရွတ်ဆိုမယ်ဆိုရင် သဒ္ဓါပဲ ဖြစ်မှာပေါ့နော်။အနက်အဓိပ္ပါယ်နားလည်ပြီး ရွတ်ဆိုရင် ပညာလည်း ဖြစ်တာပေါ့၊ ပိုပြီးတော့ အဓိပ္ပါယ် နားလည်လိုက်လို့ရှိရင် အသိပညာ ပါသွားတယ်။


‘အော်….ဘုရား ဘာတွေရှင်းပြနေတယ်’ဆိုတာ နားလည်သည့်အတွက်ကြောင့် သဒ္ဓါရော ပညာရော နှစ်ခု စုံသွားတယ်။ အဲတော့ သိပြီးတော့ ရွတ်တာ ပိုပြီးတော့ တန်ဖိုးကြီးတယ်လို့ ပြောရမှာပေါ့။


ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


Credit to original