အသားမည်းသူတွေဆီမှာ OXIMETERS တိုင်းတာမှုက တိကျမှုမရှိဘူးလို့ ဗြိတိန် NHS သတိပေး


အသားမည်းသူတွေဆီမှာ OXIMETERS တိုင်းတာမှုက တိကျမှုမရှိဘူးလို့ ဗြိတိန် NHS သတိပေး

Oximeters တွေဟာ လူမည်းတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေဆီမှာ အောက်ဆီဂျင်ပမာဏကို တိကျစွာတိုင်းတာနိုင်ခြင်းမရှိဘူးလို့ ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုက သတိပေးလိုက်ပါတယ်။ NHS ဟာ အနက်ရောင်အသားအရည်ရှိသူတွေဆီမှာ အောက်ဆီမီတာတွေကို တိုင်းတာအသုံးပြုခဲ့ပြီးနောက် တိကျမှုမရှိတာကို တွေ့ရှိခဲ့ရပြီး သွေးတွင်းအောက်ဆီဂျင်မော်နီတာအသုံးပြုမှုအတွက် တရားဝင်လမ်းညွှန်ချက်ကို ပြောင်းလဲခဲ့ပါတယ်။


ဒီကိရိယာဟာ သွေးမှတဆင့် အလင်းဖြာထွက်စေပြီး တိုင်းတာတာဖြစ်တဲ့အတွက် အရေပြားအရောင်က အလင်းစုပ်ယူမှုကို ထိခိုက်စေနိုင်တယ်လို့ ကိုဗစ်ကပ်ရောဂါကျွမ်းကျင်သူတွေကို ကိုးကားပြီး အစီရင်ခံစာတွေက ဖော်ပြခဲ့ပါတယ်။ ဒီအတွက် NHS ဟာ လူမည်း၊ အာရှလူမျိုးတွေနဲ့ အခြားသောတိုင်းရင်းသားလူနည်းစုတွေအတွက် pulse oximeter ဆက်လက်သုံးစွဲဖို့ အကြံပေးခဲ့ပေမယ့် ကျန်းမာရေးပညာရှင်တစ်ဦးဦးရဲ့ အကြံဉာဏ်ကို ရယူဖို့လည်း အကြံပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။


“Oximeter နဲ့ပတ်သက်ပြီး အစီရင်ခံစာတချို့မှာ အညိုရောင် ဒါမှမဟုတ် အမည်းရောင်အသားအရည်ရှိသူတွေမှာ တိကျမှုနည်းပါးတယ်လို့ ဆိုပါတယ်၊ သူတို့ဆီမှာဆိုရင် သွေးတွင်းအောက်ဆီဂျင်ကို ပိုမိုမြင့်မားတဲ့ပမာဏပြသနေပါတယ်” လို့ NHS ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ “အသားအရေပိုညိုတဲ့သူတွေဆီမှာဆိုရင် အောက်ဆီမီတာဖတ်တာ ကိုက်ညီမှုမရှိကြောင်း မီးမောင်းထိုးပြတဲ့ သက်သေအထောက်အထားတွေလည်းရှိပါတယ်” လို့ NHS Race and Health Observatory က ဒေါက်တာ Habib Naqvi က ဆိုပါတယ်။


ဗြိတိန်မှာတော့ ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်းမှာ လူမည်း၊ အာရှ နဲ့ တိုင်းရင်းသားလူနည်းစုတွေ ကိုဗစ်ကြောင့် သေဆုံးမှုရှိခဲ့တယ်လို့ NHS က ထပ်မံသတိပေးခဲ့ပါတယ်။ စိုးရိမ်သောကစိတ်ရှိသူတွေအနေနဲ့ စာဖတ်ခြင်းတစ်ခုတည်းကို အားကိုးဖို့ထက် အချိန်နဲ့အမျှအပြောင်းအလဲတွေကို ရှာဖွေဖို့လည်း NHS က အကြံပြုခဲ့ပါတယ်။


သွေးတွင်းအောက်ဆီဂျင်ကတော့ ပုံမှန်အားဖြင့်ဆိုရင် ၉၅% ကနေ ၁၀၀% အတွင်းမှာရှိပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာအများအပြားဟာ အောက်ဆီဂျင်လယ်ဗယ် ၇၀% ကနေ ၈၀% အထိ ဆိုးဆိုးရွားရွားကျဆင်းလေ့ရှိနေခဲ့တာဖြစ်ပါတယ်။ လူနာအနေနဲ့ သတိမပြုမိတဲ့အချိန်မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏက silent hypoxia လို့ သိတဲ့ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပြီး အောက်ဆီဂျင်ပမာဏ ၉၂% ကျဆင်းနေတဲ့ လူနာတွေကို ဆေးကုသမှုခံယူဖို့အတွက်လည်း NHS က တိုက်တွန်းခဲ့ပါတယ်။