စင်ကာပူဒေါ်လာ ၈၆ သန်းတန် ကွန်ဒိုတစ်ခုကို စင်ကာပူမှာဝယ်ယူလိုက်တဲ့ TIKTOK CEO


စင်ကာပူဒေါ်လာ ၈၆ သန်းတန် ကွန်ဒိုတစ်ခုကို စင်ကာပူမှာဝယ်ယူလိုက်တဲ့ TIKTOK CEO

လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ TikTok ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Chew Shou Zi ဟာ စင်ကာပူက Queen Astrid Park မှာရှိတဲ့ Good Class Bungalow (GCB) ကွန်ဒိုမီနီယံအဆောက်အအုံကို စင်ကာပူဒေါ်လာ ၈၆ သန်းနဲ့ ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ ဝယ်ယူမှုဟာ အစောပိုင်းအဆင့်မှာသာရှိသေးပြီး စတုရန်းပေ ၃၁၈၀၀ ကျယ်ဝန်းတဲ့ အိမ်ရာကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ Business Times က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။


လက်ရှိမှာတော့ တစ်စတုရန်းပေကို စင်ကာပူဒေါ်လာ ၂၇၀၀ ပေါက်စျေးရှိတယ်လို့ သိရပြီး ပျမ်းမျှအားဖြင့် မြင့်မားတဲ့စျေးနှုန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၄င်းဧရိယာဟာ District 10 အတွင်းမှာ တည်ရှိပြီး Bukit Timah နဲ့ Tanglin ရပ်ကွက်တွေအတွင်းမှာရှိကာ ကျယ်ဝန်းပြန့်ပြူးတဲ့ လမ်းမျက်နှာစာ၊ ပုံမှန်မြေကွက်ပုံသဏ္ဍာန်ရှိတာကြောင့် ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။


အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ Chew ဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် မတ်လအတွင်းကမှ ခန့်အပ်ခံထားရသူလည်းဖြစ်ပါတယ်။ အရင်ကတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့ ဘဏ္ဍာရေးအရာရှိနဲ့ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လူငယ်နည်းပညာရှင်တွေထဲက တစ်ဦးအဖြစ်ထင်ရှားကာ ထူးခြားတဲ့ ပိုင်ဆိုင်မှုတွေကိုပါ ရယူလာနိုင်ခဲ့ပြီဖြစ်ပါတယ်။


ဒီနှစ် ဇွန်လအတွင်းကလည်း Secretlab ရဲ့ အမှုဆောင်အရာရှိ နဲ့ ပူးတွဲတည်ထောင်သူ အသက် ၂၈ နှစ်အရွယ် Ian Ang ဟာ 27 Olive Road က ကွန်ဒိုတစ်လုံးကို စင်ကာပူဒေါ်လာ ၃၆ သန်းနဲ့ ဝယ်ယူခဲ့သေးပြီး အိပ်ခန်း ၅ ခန်းပါ ဇိမ်ခံအိမ်တစ်လုံးကိုတော့ စင်ကာပူဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ယူခဲ့ပြီး လူငယ်နည်းပညာရှင်တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဘဝတွေကို ထင်ဟပ်စေခဲ့ပါတယ်။


TikTok ကတော့ Short Videos တွေကို အချိန်အနည်းငယ်အတွင်း ဖန်တီးကာ နှစ်သက်သလိုဖော်ပြလို့ရတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဘာသာစကားပေါင်း ၄၀ အထိ ပါဝင်ကာ အသုံးပြုသူတွေကြားမှာတော့ နှစ်သက်မှုကို တော်တော်လေးရရှိထားတာလည်းဖြစ်ပါတယ်။